ဂျို့စ်ဂျင်မီနက်ဇ်

September 25, 2020

တီကိုနောက်ခံလူကို ပေါင် ၇၈ သန်းဖြင့် ကမ်းလှမ်းသည့်သတင်း မန်စီးတီး ငြင်းဆို

အက်သလက်တီကိုအသင်း နောက်ခံလူ ဂျို့စ်ဂျင်မီနက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အံ့သြမိတယ်လို့ မန်စီတီးဘက်ကပြောပါတယ်။ မန်စီတီးအသင်းနဲ့ ဒီနောက်ခံလူရဲ့သတင်းတွေဟာ ပြီးခဲ့တဲ့ရက်တွေတုန်းက ထွက်ပေါ်လာ ခဲ့တာဖြစ်ပြီး စီးတီးရဲ့ပေါင် ၇၈ သန်းနဲ့ကမ်းလှမ်းမှုကို အက်သလက်တီကိုဘက်က ပယ်ချခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။  ဒီသတင်းကို အက်သလက်တီကိုအသင်းဥက္ကဋ္ဌ အင်းနရစ်ဆာရီဇို ကိုယ်တိုင်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။  ဆာရီဇိုက မန်စီတီးဘက်က ကမ်းလှမ်းခဲ့ပေမယ့် ဂျင်မီနက်ဇ်ဟာ အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် သူ့ကို အသင်းမှာဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ ပါတယ်။   ဒါပေမဲ့ ဒီပြောဆိုမှုအတွက် အံ့သြမိပြီး အသက် ၂၅ နှစ်အရွယ် ဥရုဂွေးနောက်ခံလူအတွက် ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ မန်စီတီးဘက်က ပြောပါတယ်။ မန်စီတီးအသင်းဟာ အသင်းခေါင်းဆောင်ကွန်ပနီ ထွက်ခွာသွားခဲ့ပြီးနောက် သူ့နေရာကို ဖြည့်တင်းဖို့အတွက် ညာဘက်မှာကစားတဲ့ဗဟိုနောက်ခံလူ တဦးကို ရှာဖွေလျက်ရှိပါတယ်။  သူတို့ရဲ့ပစ်မှတ်တွေထဲမှာ ဂျင်မီနက်ဇ်အပြင် နာပိုလီရဲ့ ကူလီဘာလီ၊ ဆီဗီလာအသင်းရဲ့ ကိုအန်ဒူတို့လည်း ပါဝင်နေပါတယ်။  ကူလီဘာလီဟာ မန်စီးတီးအသင်းရဲ့ကာလရှည်ပစ်မှတ် ကစားသမား တဦးဖြစ်ပေမဲ့ အသင်းနှစ်သင်းကြားမှာ ဆွေးနွေးမှုတွေ အဆင်မပြေသေးတာကြောင့် ကစားသမားကို ခေါ်ယူ ဖို့ဟာ ခက်ခဲနေပါတယ်။  ဆီဗီလာအသင်းရဲ့ ၂၁ နှစ်အရွယ်နောက်ခံလူ ကိုအန်ဒူဟာလည်း မန်စီတီးရဲ့ ပစ်မှတ် ကစားသမားဖြစ်နေပြီး ဆီဗီလာအားကစားဒါရိုက်တာကတော့ သူ့အတွက်ကမ်းလှမ်းမှုတခုကို ပယ်ချလိုက်ပြီလို့ပြောပါတယ်။  ဒါဟာ မန်စီတီးရဲ့ကမ်းလှမ်းမှုလို့လည်း ယူဆရပါတယ်။  နောက်ခံလူတဦး ရှာဖွေနေတဲ့ မန်စီတီးအသင်းဟာ အခုအပြောင်းအရွေ့ကာလမှာ ဘုန်းမောက်အသင်းရဲ့နာသန်အကီကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူထားပါတယ်။   လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့လူစာရင်းမှာ ဗဟိုနောက်ခံလူ ၅ ဦးအထိရှိနေပြီး သူတို့ထဲက အဲရစ်ဂါစီယာနဲ့ အော်တာမန်ဒီတို့ဟာ ဒီအပြောင်းအရွှေ့ကာလမှာပဲ အသင်းကနေ ထွက်ခွာသွားမယ့်အနေအထားမှာ ရှိနေပါတယ်။ 
8 months Ago
Up