ဂျိမ်းမက်ဒီဆင်ထက်စာရင် ဂျက်ဂရီလစ်ရှ်ဟာ ယူနိုက်တက်အသင်းအတွက် ပိုမိုသင့်တော်တဲ့လူဖြစ်နိုင်တယ်လို့ ဂန္ထဝင်ကစားသမားကြီး ရီယိုဖာဒီနန်က သုံးသပ်ပြောဆိုလိုက်ပါတယ်။
ဒီကစားသမားနှစ်ဦးလုံးဟာ ယူနိုက်တက်အသင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသူတွေပါ။
ဂရီးလစ်ရှ်ဟာ ၂၀၁၈-၁၉ ရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် အထူးခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ် တန်းတက်ခွင့် ရရှိရေးအတွက် အဓိကခြေစွှမ်းပြနိုင်ခဲ့ပါတယ်။
သူဟာ ဒီခြေစွမ်းကို ပရီးမီးယားလိဂ်အထိ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သူဖြစ်ပြီး ဗီလာအသင်းအတွက် ဒီရာသီ ၂၆ ပွဲကစားပြီး ၇ ဂိုးသွင်းကာ ၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ မကြာခင်မှာတင် လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရတော့မယ်လို့လည်း သုံးသပ်ခြင်းခံထားရသူ ဖြစ်ပါတယ်။
တဖက်မှာလည်း မက်ဒီဆင်ဟာ လက်စတာအသင်းအတွက် အထူးခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရသူ ဖြစ်ပြီးတော့ မွန်တီနီဂရိုးနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းရဲ့ နွေရာသီ ဦးစားပေး ပစ်မှတ်တွေထဲမှာ ဒီကစားသမားနှစ်ဦးစလုံး ပါဝင်နေတယ်လို့သိရပြီး သူတို့နှစ်ဦးထဲက တဦးသာ အသင်းကို အမှန်တကယ်ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ ဖာဒီနန်က မက်ဒီဆင်နဲ့ပတ်သက်ပြီး “မက်ဒီဆင်ဟာ ဘောလုံးကိုရယူပြီးတော့ သွင်းဂိုးတွေ၊ အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့သူ ဖြစ်ပါတယ်။ သူဟာ တကယ်ကို ထူးချွန်တဲ့ကစားသမားဖြစ်ပြီးတော့ အခွင့်အရေးတွေ ဖန်တီးဖို့ကိုလည်း နေရာယူတတ်သူဖြစ်ပါတယ်။ ကျနော် သူ့ကို သဘောကျပါတယ်” လို့ အင်စတာဂရမ်က ပရိသတ်တွေနဲ့ အမေးအဖြေအစီအစဉ်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဂရီးလစ်ရှ်ကိုတော့ ဖာဒီနန်က “သူ့မှာ တခြား အင်္ဂလန်ကွင်းလယ်လူတွေဖြစ်တဲ့ ဒယ်လီအလီ၊ မက်ဒီဆင်၊ မေဆင်မောင့်တို့မှာ မရှိတဲ့ အားသာချက်တခု ရှိနေပြီး အဲ့ဒါကတော့ တိုက်စစ်မှူးကို ကစားရချောင်အောင် တိုက်စစ်အားသန်ကွင်းလယ်လူအဖြစ် ကစားပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်က ပြိုင်ဘက်တွေကို ခေါ်ပြီးကစားနိုင်သူဖြစ်ပါတယ်။ သူဘောလုံးရသွားပြီဆိုရင် ပြိုင်ဘက်ကစားသမားတွေရဲ့ အာရုံစိုက်မှုရအောင် ကစားနိုင်သူဖြစ်ပါတယ်။ သူ့နောက်ကို ကစားသမား တယောက်၊ နှစ်ယောက်လောက် လိုက်ပါသွားချိန်မှာ အသင်းဖော်တွေအတွက် နေရာလွတ်ကို ဖြစ်စေပါတယ်။ ဒါ သူ့ကို ကျနော် နှစ်သက်ရတဲ့အချက်လည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
2 years Ago