ဂျာမန်ရဲဖမ်းဆီး

August 12, 2021

ရုရှားသူလျှိုဟုဆိုကာ ဗြိတိန်သံရုံးဝန်ထမ်း ၁ ဦးကို ဂျာမန်ရဲဖမ်းဆီးစစ်ဆေးနေ

ဂျာမန်ရဲတွေက မြို့တော်ဘာလင်ရှိ ဗြိတိန်သံရုံးမှာ အလုပ်လုပ်နေတဲ့ ဗြိတိန် အမျိုးသား တယောက်ကို ရုရှားအစိုးရအတွက် သူလျှိုထောက်ပေးမှု သံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့  အစိုးရ ရှေ့နေတွေက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

ဒေးဗစ်အဲ့စ်လို့ ဖော်ပြထားတဲ့ ဗြိတိန်အမျိုးသားရဲ့ နေတဲ့နေရာနဲ့ အလုပ်လုပ်တဲ့ နေရာတွေကို ရှာဖွေခဲ့ပြီး သူ့ကို မနေ့ညနေက စုံစမ်းစစ်ဆေးမှု ဆိုင်ရာ တရားသူကြီးက စစ်မေးမြန်းတယ်လို့ ဂျာမန်အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သူဟာ ငွေအတွက် ရုရှားထောက်လှမ်းရေးဌာနကို စာရွက်စာတမ်းတွေ ပေးခဲ့တဲ့ သံသယနဲ့ ဘာလင်မြို့တော် အပြင်ဘက်က ပို့စ်ဒန်မြို့မှာ အင်္ဂါနေ့က အဖမ်းခံခဲ့ရတာပါ။

သူ့အလုပ်ထဲက လှုပ်ရှားမှုတွေအတွင်း ရတဲ့ စာရွက်စာတမ်းတွေကို ရုရှား ထောက်လှမ်းရေးဌာန ကိုယ်စားလှယ်ဆီပေးခဲ့တယ် စွပ်စွဲခံရသူဟာ သူပေးတဲ့ သတင်း အချက်အလက်အတွက် ပမာဏ မသိရတဲ့ ငွေသားတွေကို လက်ခံရရှိခဲ့တယ်လို့ ပြည်ထောင်စု အစိုးရရှေ့နေချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ အဖမ်းမခံရခင်ကအထိ သံရုံးမှာ ဒေသခံ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တာကြောင့် သူ့ကို ဂျာမနီနဲ့ဗြိတိန်အစိုးရ အာဏာပိုင်တွေက ပူးတွဲစစ်မေးမယ်လို့ အစိုးရ ရှေ့နေက ပြောပါတယ်။

နိုင်ငံခြားသံရုံးမှာ အလုပ်လုပ်တယ်ဆိုပေမယ့် ဒေသခံဝန်ထမ်းအဖြစ် လုပ်ကိုင်သူတွေဟာ သံတမန်ရေး ကင်းလွတ်ခွင့်ကို မခံစားရပါဘူး။ 

4 months Ago
Up