ဂျာမနီနိုင်ငံ

February 16, 2020

မြူးနစ်လုံခြုံရေးညီလာခံ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးညီလာခံ ၅၆ ကြိမ်မြောက် အစည်းအဝေးကို ဥရောပ၊ အရှေ့အလယ်ပိုင်း နဲ့ အမေရိကန်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ သံတမန်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။  ဖေဖော်ဝါရီ ၁၅ ရက်က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြင်သစ်သမ္မတ မာခွန်းက မိန့်ခွန်းပြောခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း အနောက်နိုင်ငံတွေ စည်းလုံးမှု ပြိုကွဲနေပြီဆိုတဲ့ စကားဟာ မမှန်ကန်ဘူးလို့ ပြောခဲ့ပါတယ်။  မြူးနစ်လုံခြုံရေးကွန်ဖရင့် တက်ရောက်သူတွေထဲမှာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ၊ အာဖဂန်သမ္မတ အာရှက်ဖ်ဂါနီနဲ့ ယူကရိန်းသမ္မတ ဇီလန်စကီတို့လည်း ပါဝင်ပါတယ်။  ဖေဖော်ဝါရီ ၁၄ ရက်မှာ  ဂျာမန်သမ္မတ စတိုင်မဲရာက အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ဟာ အင်အားအပြိုင်အဆိုင်နဲ့ ကမ္ဘာလုံးဆိုင်ရာ မယုံကြည်မှု၊ မလုံခြုံမှုကို ဖန်တီးနေတယ်ဆိုပြီး အမေရိကန် သမ္မတထရမ့်ကို သွယ်ဝိုက်ဝေဖန်လိုက်ပါတယ်။  ကွန်ဖရင့်မှာ နိုင်ငံချင်း အားပြိုင်မှုတွေ၊ ကိုရိုနာဗိုင်းရပ်စ်အခြေအနေနဲ့ အရှေ့အလယ်ပိုင်း တင်းမာမှုတွေ အကြောင်း အဓိကထား ဆွေးနွေးသွားဖွယ် ရှိပါတယ်။  မြူးနစ်လုံခြုံရေးကွန်ဖရင့်ကို ဖေဖော်ဝါရီလ ၁၆ ရက်အထိ ကျင်းပမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up