ဂျာမနီကလပ်

September 17, 2020

လူချင်းခပ်ခွာခွာ ယှဉ်ပြိုင်ခဲ့သဖြင့် ပြိုင်ဘက်ကို ၃၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ဂျာမနီကလပ် 

ဂျာမနီအပျော်တမ်းလိဂ်က အသင်းတသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို စိုးရိမ်စိတ်နဲ့ ဘောလုံးပွဲတခုကို ယှဉ်ပြိုင်ကစားခဲ့ရာ ၃၇ ဂိုး ဂိုးမရှိနဲ့အရှုံးပေးလိုက်ရပါတယ်။  Ripdorf အသင်းဟာ ဂျာမနီဘောလုံးလောကရဲ့ အဆင့် ၁၁ လိဂ်မှာ ကစားနေတဲ့အသင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်မှာ SV Holdenstedt II အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။  ဒါပေမယ့် ဒီပွဲမစားခင်ကြိုတင်ပြင်ဆင်တွေမှာတော့ ရှုပ်ထွေးမှုတွေရှိခဲ့ပါတယ်။ သူတို့ရဲ့ပြိုင်ဘက် Holdenstedt အသင်းဟာ ရှေ့တစ်ပတ်ပွဲစဉ်မှာ Eddelstorf အသင်းနဲ့ ကစားခဲ့ရပြီး ဒီအသင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တဦးရှိခဲ့တယ်လို့ Ripdorf အသင်းဥက္ကဋ္ဌက ပြောပါတယ်။  Holdenstedt အသင်းကစားသမားတွေကို စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာမျိုး မတွေ့ခဲ့ရပေမယ့် ပိုးတွေ့လူနာနဲ့ထိစပ်ပြီး ၁၄ ရက်မပြည့်သေးတာကြောင့် Ripdorf အသင်းကစားသမားတွေဟာ သူတို့ကျန်းမာရေးအတွက် အာမခံချက်မရှိမှာကို စိုးရိမ်ခဲ့ပါတယ်။  ဒါ့ကြောင့် Ripdorf ဘက်က ဒီပွဲစဉ်ကို ရွေ့ဆိုင်းပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ Holdenstedt ဘက်ကလည်း ဒီတောင်းဆိုမှုကို  ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ဒါကိုလက်ခံခဲ့ပါဘူး။  ကျန်းမာရေးအတွက်ခြိမ်းခြောက်မှုရှိ နေချိန်မှာပွဲကို ဖျက်သိမ်းရင် ကြီးမားတဲ့ ပြစ်ဒဏ်နဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့် Ripdorf အသင်းဟာ ပွဲကို ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  ဒါပေမယ့် ပွဲကို ကစားတဲ့ချိန်မှာ social distancing စည်းမျဉ်းတွေနဲ့အညီ ခပ်ခွာခွာကနေကစားခဲ့တာကြောင့် အခုလိုမျိုးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။  ပြိုင်ဘက်အသင်းက ကစားသမားတွေဟာ ဂိုးသွင်းဖို့  ဘောလုံးသယ်ဆောင်လာချိန်မှာတောင် Ripdorf ကစားသမားတွေက ခပ်ခွာခွာကနေ ဒီအတိုင်းရပ်ကြည့်နေရတာကြောင့် တစ်ဂိုးပြီးတစ်ဂိုး ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။  တွန်းတွန်းတိုက်တိုက် အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ဘောလုံးလိုအားကစားမျိုးမှာ နေရာလွတ်လေးတခုကတောင် ပွဲအလှည့်အပြောင်းဖြစ်စေနိုင်တာ အားလုံး သဘောပေါက်ထားပေမယ့် ကျန်းမာရေးကို ပိုမိုဦးစားပေးတာကြောင့် ခပ်ခွာခွာကနေပဲ ကစားဖို့ ဆုံးဖြတ်ခဲ့တာဟာ ဆန္ဒပြတဲ့အနေနဲ့ တမင်လုပ်ဆောင်လေးသလားလို့တောင် ယူဆစရာဖြစ်ခဲ့ပါတယ်။  “ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိပေမယ့် မကစားဘဲနေရင်လည်း ဒဏ်ရိုက်ခံရမှာဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးကိုထိခိုက်စေနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလိုကစားဖြစ်သွားတာပါ” လို့ Ripdorf အသင်းဥက္ကဋ္ဌက ပြောပြောင်း goal.com သတင်းမှာ ဖော်ပြထားပါတယ်။  
1 year Ago
Up