ဂျာမနီ

February 3, 2023

ဂျာမနီတွင် ကုန်တင်ရထားတိုက်မိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဂျာမနီအနောက်ပိုင်း ရက်ကလင်န်ဟောက်ဆန်မြို့ရှိ မီးရထားလမ်းမှာ ကုန်တင်ရထားတစီး ဝင်တိုက်မိလို့ ကလေးတယောက် သေဆုံးပြီး တခြားတယောက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ရထားတိုက်မိသူတွေဟာ ရထားနဲ့ချိတ်ပြီး မီတာ တော်တော်ဝေးဝေးကို ဆွဲချိတ်ပါသွားခဲ့တယ်လို့ Bild သတင်းစာက ဖော်ပြထားပါတယ်။

ဒဏ်ရာရတဲ့ကလေးငယ်ကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“ကလေးတွေနဲ့ ရထားတွေနဲ့ ဒီလိုငယ်သေးတဲ့ အရွယ်လေးမှာ ဒီမှာဖြစ်သွားတာမျိုးဟာ ကြောက်စရာ ကောင်းလွန်းပါတယ်။ သူတို့မိဘတွေအနေနဲ့ ဒီကံဆိုးမှုကြီးကို ကျော်လွှားနိုင်ဖို့ အားတင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဂျာမနီအနောက်ပိုင်းပြည်နယ် ပြည်ထဲရေးဝန်ကြီး ဟားဘတ်ရွိုင်းလ်က အခင်းဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဘယ်လိုဖြစ်သွားလဲဆိုတာ ဘယ်သူမှ မသိသေးသလို ဘာမှမဖြေရှင်းနိုင်သေးဘူး” လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက် ညနေ ၆ နာရီက ကုန်တင်ရထားဝင်းအဟောင်း အနီးအနားရှိ အခင်းဖြစ်နေရာကို အရေးပေါ်ဝန်ထမ်းတွေ ခေါ်ယူခဲ့ပါတယ်။ ရဲတွေက ဓာတ်မီးတွေ၊ ဒရုန်းတွေနဲ့ ရထားလမ်းတွေကို ရှာဖွေခဲ့ပါတယ်။

ကလေးတွေရဲ့ အသက်အရွယ်နဲ့ ကျား၊ မ စတဲ့ နောက်ထပ် ဘာအသေးစိတ်အချက်အလက်မှ မသိရသေးပါဘူး။

2 days Ago

January 30, 2023

ဂျာမန်အဓိပတိ၏ တောင်အမေရိက ခရီးစဉ်စတင်၊ အာဂျင်တီးနား သမ္မတနှင့် တွေ့ဆုံ

ဂျာမနီနိုင်ငံရဲ့ အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ဟာ တောင်အမေရိကတိုက် အဖွင့်ခရီးစဉ်အဖြစ် အာဂျင်တီးနားနိုင်ငံကို သွားရောက်ပြီး သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်စ်နဲ့ ဇန်နဝါရီ ၂၈ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် မြို့တော် ဗျူနိုအေးရိစ်မှာရှိတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆန်မာတင် အထိမ်းအမှတ်နေရာကို အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ဆန်တီယာဂို ကာဖီရယ်ရိုနဲ့အတူ ရှို့လ်ဇ်က သွားရောက်ဂုဏ်ပြုခဲ့ပါတယ်။

ဆိုရှယ်ဒီမိုကရက် ဝါဒီတဦးဖြစ်တဲ့ ရှို့လ်ဇ်က ဒီ ၃ ရက်တာ တောင်အမေရိကခရီးစဉ်အတွင်း လက်ဝဲဝါဒီခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ အာဂျင်တီးနား၊ ချီလီနဲ့ ဘရာဇီးလ် စတဲ့ ဒေသတွင်း ထိပ်တန်းစီးပွားရေးနိုင်ငံ ၃ နိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။

လာမယ့်တွေ့ဆုံမှုတွေအတွင်း အဓိကဆွေးနွေးမယ့်အချက်ဟာ ယူကရိန်းစစ်ပွဲအကြောင်း ဖြစ်ပြီး ဒီစစ်ပွဲကနေ ရရှိလာတဲ့ သင်ခန်းစာတွေလည်း ပါဝင်ဦးမှာပါ။

ဒါဟာ ဂျာမန်အစိုးရအတွက် အာဏာရှင်နိုင်ငံတွေအပေါ်မှာ စီးပွားရေးအရ မှီခိုမှု လျှော့ချဖို့ လိုအပ်လာပြီ ဆိုတာကို ပိုသိလာတာကြောင့် ဖြစ်ပါတယ်။

ရုရှားအပေါ်မှာ ဓာတ်ငွေ့အတွက် မှီခိုနေရတဲ့ ဂျာမနီနိုင်ငံဟာ ရုရှားအစိုးရရဲ့ ကျူးကျော်စစ်ကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး ဂျာမနီနိုင်ငံအတွက် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

အရေးကြီးတဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံအပေါ် အဓိက မှီခိုနေရမှုကို လျှော့ချနိုင်ဖို့အတွက် ဥရောပတိုက်မှာ အကြီးအကျယ် ပြိုင်ဆိုင်နေကြပြီး ကာဗွန်ကင်းစင်တဲ့ စီးပွားရေးဆီကို အသွင်ကူးပြောင်းနေကြပါပြီ။

ဒီတွင်းထွက်ပစ္စည်းတွေဟာ တောင်အမေရိကတိုက်မှာ ပေါကြွယ်ဝပါတယ်။ အာဂျင်တီးနားနဲ့ ချီလီနိုင်ငံတို့ဟာ အပေါ့ပါးဆုံး ဘက်ထရီထုတ်လုပ်နိုင်တဲ့ သတ္တုကို ပိုင်ဆိုင်ထားတဲ့ တောင်အမေရိကတိုက်ရဲ့ “လီသီယမ်တြိဂံ” ဒေသ ထိပ်ဆုံးပိုင်းမှာ တည်ရှိနေကြပါတယ်။

6 days Ago
More News
Up