ဂျာနယ်လစ်

December 10, 2021

ကမ္ဘာတဝန်းရှိ ဂျာနယ်လစ်များအတွက် ရန်ပုံငွေသစ်ထူထောင်ရန် သမ္မတဂျိုးဘိုင်ဒင် ကတိပြု

နိုင်ငံပေါင်း ၁၁၀ တက်ရောက်တဲ့ ဒီမိုကရေစီထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကမ္ဘာတဝန်းက ဂျာနယ်လစ်တွေအတွက် ရန်ပုံငွေအသစ်အစီအစဉ်နဲ့ ပံ့ပိုးကူညီသွားမယ်လို့ ကတိပေးလိုက်တယ်။ 

ကမ္ဘာတဝန်း  ဒီမိုကရေစီ ကျယ်ပြန့်ထွန်းကားရေးအတွက် သမ္မတ ဘိုင်ဒင်ရဲ့ အစီအစဉ်တခုဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတွေအား သီးသန့်ဖိတ်ကြားတဲ့ အွန်လိုင်းထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်၊ ၂ ရက်တာ ကျင်းပရာမှာ သမ္မတက ပြောသွားတာပါ။ 

သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီအတွက် အလွန်အရေးကြီးကြောင်းလည်း အဲဒီအခမ်းအနားမှာ သမ္မတဘိုင်ဒင်က  ပြောပါတယ်။

ကမ္ဘာတဝန်းမှာ လွတ်လပ်တဲ့မီဒီယာ ရှင်သန်အားကောင်းရေး၊ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုတဲ့ မီဒီယာ အရှည်တည်တံ့ရေးတို့အတွက် အမေရိကန်အကူအညီ USAID ကတဆင့် ရန်ပုံငွေ ထောက်ပံ့ပေးသွားမယ်လို့  သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

“အခုအချိန်ဟာ ကမ္ဘာကြီးအတွက် အခြေခံကျကျ ဆုံးဖြတ်ရတော့မှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ နောက်ပြန်လျှောကျပြီး အာဏာရှင်တွေအောက်မှာ  နေကြမလား၊ ဒါမှမဟုတ် လူသားတွေရဲ့ တိုးတက်မှု လွတ်လပ်မှု ရှေ့ခရီးကို အတူတကွ သတ္တိရှိရှိ ချီတက်ကြမလား၊ ဆုံးဖြတ်ကြရမယ့်ကာလ ဖြစ်ပါတယ်” လို့  သမ္မတ ဘိုင်ဒင်က ဆိုပါတယ်။

ဘိုင်ဒင်က ကမ္ဘာတဝန်း ပြည်သူတွေကို အကျိုးပြုနေတဲ့ လွတ်လပ်တဲ့မီဒီယာတွေကို ထိန်းထားနိုင်ဖို့ နိုင်ငံတကာရန်ပုံငွေတခု အရေးပေါ်ထူထောင်ဖို့ USAID ကတဆင့် ကတိကဝတ်ပြုပါတယ်။ 

ဒေသအသီးသီးမှာ သက်စွန့်ဆံဖျားလုပ်နေကြတဲ့ ဂျာနယ်လစ်တွေကို အကာအကွယ်ပေးဖို့ ဒီရန်ပုံငွေသစ်ကို ထူထောင်တာလို့ ပြောသွားပါတယ်။

တကမ္ဘာလုံးမှာ ဒီမိုကရေစီစနစ် အားနည်းလာနေတာ၊ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ယိုယွင်း လာနေတာတွေကို ရပ်တန့်နိုင်ဖို့  ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

ဒီမိုကရေစီထိပ်သီး အစည်းအဝေးတက်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဖိတ်ကြားတဲ့စာရင်းမှာ နိုင်ငံပေါင်း ၁၁၀ ပါဝင်ပြီး တရုတ်၊ ရုရှား၊ မပါဝင်ပါဘူး။ 

အာဆီယံဒေသတွင်းက  မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား နိုင်ငံတွေကိုလည်း မဖိတ်ဘဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့တီမော ၄ နိုင်ငံကိုသာ ဖိတ်ကြားထားပါတယ်။  

1 month Ago

October 7, 2021

ကမ္ဘာတဝန်း ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှု ပိုဆိုးလာဟု RSF သတိပေး

ကမ္ဘာတဝန်း ဂျာနယ်လစ်တွေပေါ်  ခြိမ်းခြောက်မှုတွေဟာ လတ်တလောနှစ်တွေမှာ ပိုပြီး အမျိုးအစားစုံလာတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က သတိပေးလိုက်ပါတယ်။

မီဒီယာ လွတ်လပ်ခွင့်ကို ခုခံကာကွယ်ရာမှာ ကမ္ဘာ့အကြီးဆုံး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ (RSF)ဟာ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ထောက်ကူအားပေးသူပါ။ အခြေခံ လူ့အခွင့်အရေးဟာ အကြောင်းကြားခံရဖို့နဲ့ သူတပါးကို ပြန်အကြောင်းကြားနိုင်ဖို့လို့ သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။

လွတ်လပ်တဲ့အပြုအမူနဲ့ မတူခြားနားတဲ့ အမြင်တွေကို စွဲကိုင်ထားတဲ့ သတင်းထောက်တွေကို သူတို့က ကာကွယ်နေတယ်လို့ (RSF) က ပြောပါတယ်။

ဘဲလာရုစ်၊ မြန်မာ၊ အမေရိကန်နဲ့ တူရကီနိုင်ငံတွေအပါအဝင် နိုင်ငံအသီးသီးက စာနယ်ဇင်း လွတ်လပ်ခွင့်အတွက်ကိုလဲ ဆော်သြခဲ့ပါတယ်။

ကမ္ဘာတဝန်း သတင်းထောက် အယောက် ၃၀၀ ကျော်ထောင်ချခံထားရတယ်လို့လည်း  (RSF)ရဲ့ ညွှန်ချုပ်စရစ်စတော့ဖ် ဒေလွိုင်ရေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အရင်ကအာဏာရှင်ဆန်တဲ့ စစ်အစိုးရတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကြီးဆုံး ချိုးဖောက်သူတွေ ဖြစ်ခဲ့ကြတယ် ဒီနေ့မှာတော့ မာဖီးယား ဂိုဏ်းတွေ၊ အစွန်းရောက် အုပ်စုတွေနဲ့ တချို့ လှုပ်ရှားမှုတွေဟာ သတင်းထောက်တွေကို ခြိမ်းခြောက်မှု ဖြစ်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“နာမည်ဖော်ထုတ်ပြီး အရှက်ရစေတဲ့ ဗျူဟာက မလုံလောက် တော့ဘူး။ မီဒီယာဖော်ပြချက်ရဲ့ ဖိအားနဲ့ မလုံလောက်တော့ဘူး။ ဒါကြောင့် ကျနော်တို့ တိုက်ရိုက်ညှိုနှိုင်းတဲ့ ဗျူဟာသစ်ကို စကျင့်သုံးနေပြီ။ ကျနော်တို့ဟာ လူဆိုးတွေနဲ့ပါ အဆက်အသွယ်ရှိ လာပြီး ဆွေးနွေးလာခဲ့ရတယ်”လို့  ညွှန်ချုပ်စရစ်စတော့ဖ် ဒေလွိုင်ရေကပြောပါတယ်။

စာနယ်ဇင်းပညာသာ မရှိရင် သဘောထားတွေ ထုတ်ဖော်ပြော ဆိုချက်တွေအတွက် ဘယ်လိုလွတ်လပ်ခွင့်မှရှိမှာ မဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။

RSF ဟာ ရိုက်တာသတင်းဌာနက သတင်းထောက် မြန်မာနိုင်ငံသား ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ မာလီနိုင်ငံက ဘာသာရေးစစ်ဝါဒီတွေ ဖမ်းတာခံရတဲ့ ပြင်သစ် သတင်းထောက်နဲ့ ဘဲလာရုစ် အတိုက်အခံ ဘလော့ဂါတို့ကို ပြန်လွှတ်ပေးဖို့ လှုပ်ရှားခဲ့ဖူးပါတယ်။

မတ်လမှာတော့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံ မင်းသားနဲ့ ခေါင်းဆောင်တွေက သတင်းထောက် ဂျမဲလ် ခက်ရှားဂျီကို သတ်ဖြတ်မှုအတွက် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားရုံးမှာ လျှောက်ထား အမှုဖွင့်ခဲ့ပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လှုပ်ရှားဆောင်ရွက်နေတဲ့   (RSF) အဖွဲ့ဟာ   ၂၀၂၁ ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့ အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်ဒေါ်လာ ၁၁သိန်းကျော်နဲ့ ညီမျှတဲ့ ဆွီဒင် ခရောင်းငွေ ဆယ်သန်းရမှာ ဖြစ်ပြီး ဆုရှင်ကို အောက်တိုဘာ ၈ရက်မှာ ကြေညာမှာဖြစ်ပါတယ်။

4 months Ago
More News
Up