ဂျမဲလ် ခါရှောဂျီ

December 5, 2019

ဆော်ဒီသတင်းထောက် အသတ်ခံရမှု တရားမမျှတဟု ကုလစစ်ဆေးရေးမှူး ပြော

ဆော်ဒီအာရေဗျသတင်းထောက် ဂျမဲလ် ခါရှောဂျီ အသတ်ခံရမှုနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိသေးဘူးလို့ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးသူတယောက်က ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။ ၂၀၁၈ ခုနှစ်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ခါရှောဂျီ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်အစိုးရတို့က အရေးယူ ဆောင်ရွက်ပေးဖို့  ကုလသမဂ္ဂအတွက် တရားလက်လွတ် သတ်ဖြတ်မှုဆိုင်ရာ အစီရင်ခံစာ ရေးသူ အက်ဂ်နက်စ် ကာလာမတ်က တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီအမှုကို ဆော်ဒီနိုင်ငံရဲ့တရားရေးက ကိုင်တွယ်ဖြေရှင်းမယ့်အစား နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံးက စုံစမ်းစစ်ဆေးဖို့ ကာလာမတ်က ကြိုးစားနေတာပါ။ဒါပေမယ့် ဆော်ဒီအစိုးရက လက်မခံခဲ့ပါဘူး။  ခါရှောဂျီရဲ့ချစ်သူ ဟာတစီ ဆန်းဂတ်ဇ့်ကလည်း ခါရှောဂျီအတွက် တရားမျှတမှု လိုအပ်နေသေးတဲ့အကြောင်း လူတွေကို သတိပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျကနေ ထွက်ပြေးလာပြီး အမေရိကန်နိုင်ငံသား ခံယူခဲ့တဲ့ ခါရှောဂျီဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်ကို ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားခဲ့သူပါ။ သူဟာ ချစ်သူအမျိုးသမီးနဲ့ လက်ထပ်ဖို့ စာရွက်စာတမ်းကိစ္စအတွက် အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ဝင်သွားခဲ့ပြီးနောက် ပျောက်သွားခဲ့တာပါ။ အဲဒီအမှုနဲ့ပတ်သတ်လို့ သံသယရှိသူ ဆော်ဒီနိုင်ငံသား ၁၁ယောက်ကို လျှို့ဝှက်ကြံစည်မှုနဲ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။  ကာလာမတ်ရဲ့အစီရင်ခံစာမှာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ တခြားအကြီးတန်း အရာရှိတွေ အနေနဲ့လည်း ခါရှောဂျီ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ခါရှောဂျီ သေဆုံးမှုဖြစ်စဉ်က တကမ္ဘာလုံးကို လှုပ်ခတ်သွား ခဲ့ပြီး ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ပုံရိပ်လည်း ကျဆင်းခဲ့ပါတယ်။   ဆော်ဒီမင်းသား မိုဟာမက်က ခါရှောဂျီကို သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့(CIA)နဲ့ တခြားအနောက်တိုင်း အစိုးရတွေက ယူဆကြပေမယ့် ဆော်ဒီအရာရှိတွေက အဲဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ 
2 years Ago
Up