ဂျပန် ပြည်ဝင်ခွင့်ပိတ်

May 21, 2021

ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ထိုင်းအပါအဝင် နိုင်ငံ ၇ နိုင်ငံကို ဂျပန်က ပြည်ဝင်ခွင့်ပိတ်

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်းအနေနဲ့ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ၇ နိုင်ငံကို ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ယာယီပိတ်ပင်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ မွန်ဂိုလီးယား၊ ဆေးရှဲ၊ သီရိလင်္ကာနဲ့ စိန့်လူစီယာစတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဂျပန်နိုင်ငံကို ဝင် ရောက်လာသူတွေကို ဝင်ရောက်ခွင့်ယာယီပိတ်ပင်လိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ နိုင်ငံတွင်းဝင်ရောက်ခွင့် ကန့်သတ်ဒေသနဲ့ နိုင်ငံပေါင်း ၁၅၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုလို ကန့်သတ်ပိတ်ပင်မှုမှာ ဂျပန်နိုင်ငံသားတွေ၊ အထူးဝင်ရောက်ခွင့်နဲ့ လာရောက်သူတွေ၊ ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိသူတွေနဲ့ မိသားစုဝင်တွေတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံကိုတော့ လတ်တလော ကူးစက်ပြန့်ပွားမှု မြင့်တက်နေတဲ့ အိန္ဒိယ မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာ တံခါးပေါက်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် ဂျပန်အစိုးရက ဒီစာရင်းထဲမှာ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။

 လက်ရှိမှာတော့ ယာယီပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ နိုင်ငံတွေကနေ ပြန်လည် ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ကွာရန်တင်း ၆ ရက်ဝင်ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။

6 months Ago
Up