ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရထားရတဲ့ ဂျပန်နိုင်ငံသား အမျိုးသားတယောက် ၁၁ လွှာအမြင့် ကွန်ဒိုမီနီယံပေါ်က ခုန်ချသတ်သေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ မြို့တော် ဘန်ကောက်ရဲ့ ၁၇ လွှာအမြင့်ရှိတဲ့ ကွန်ဒိုမီနီယံတခုမှာ စက်တင်ဘာ ၁၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းပေးချက်အရ ခလောင်တန် ရဲစခန်းက တာဝန်ရှိသူတွေ ရောက်ရှိချိန်မှာတော့ အဆိုပါ အမျိုးသားရဲ့အလောင်းကို ကွန်ဒိုရှေ့ ဥယျာဉ်အနီးမှာ တွေ့ရှိခဲ့ကြတာပါ။
သေဆုံးသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ အမည်ကိုတော့ ယုကီလို့ ဖော်ပြထားပြီး ညာဘက်လက်ကျိုးသွားခဲ့ကာ ပြုတ်ကျတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်လည်း ပုံပျက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူကို Swab Test ယူ စစ်ဆေးချိန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါအမျိုးသားဟာ ၁၁ လွှာအခန်းမှာ တယောက်တည်း နေထိုင်သူဖြစ်ပြီး အခန်းအတွင်းထဲကနေ လော့ခ်ချထားခဲ့တယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းတွေကတော့ သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း သိရတာမို့ ခုလို သေကြောင်း ကြံစည်ခဲ့တာလို့ ပြောပါတယ်။
လတ်တလောမှာတော့ သေဆုံးသူရုပ်အလောင်းကို ချူလာလောင်ကွန်ဆေးရုံ ပို့ဆောင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။