ဂျပန်အထူးသံတမန်

November 20, 2021

ဒန်နီဖှန်စတာ လွတ်မြောက်ရေး အမေရိကန်အစိုးရက အကူအညီတောင်းခဲ့ဟု ဆာဆာကာဝါပြော

အမေရိကန်အစိုးရဟာ မြန်မာစစ်တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် လွတ်မြောက်ရေးကိုကူညီဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးသံတမန် ဆာဆာကာဝါကို အကူအညီ တောင်းခံခဲ့တယ်လို့ အထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောလိုက်ပါတယ်။ 

ပရဟိတ နိပွန်ဖောင်ဒေးရှင်း ရဲ့ ဥက္ကဋ္ဌ  ဆာဆာကာဝါက မြန်မာနိုင်ငံကို ပုဂ္ဂိုလ်ရေးအရ လာရောက်တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ဂျပန်သတင်းစာနဲ့  တွေ့ဆုံမေးမြန်းရာမှာ ခုလိုထည့်သွင်းပြောကြားသွားတာပါ။ 

ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်က အဖမ်းခံထားရပြီး သတင်းမှားဖြန့်ဝေမှုအပြင် တခြားပြစ်မှုဆိုင်ရာစွဲချက်တွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖှန်စတာကိစ္စမှာ စစ်တပ်နဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ သူ့ကို အမေရိကန်အစိုးရကနေ တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံကို မကြာခဏ လာရောက်လည်ပတ်ခဲ့တဲ့ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ စနေနေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့အပြီး နှစ်ရက်အကြာမှာတော့ ခြောက်လနီးပါးအကျဉ်းကျခံခဲ့ရတဲ့ အမေရိကန်ဂျာနယ်လစ် ဖှန်စတာဟာ ပြန်လည် လွတ်မြောက်လာပြီးနောက် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့အတူ နိုင်ငံထဲကနေ လေကြောင်းနဲ့ ပြန်ထွက်ခွာသွားခဲ့ပါတယ်။ 

မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ကောင်းတွေရှိပြီး ဆက်ဆံရေး အဆင်ပြေတဲ့ သူ့ကို အမေရိကန် အစိုးရက မတောင်းဆိုရသေးခင်ကတောင် သတင်းထောက်ကို လွှတ်ပေးဖို့ သူက တိုက်တွန်းထားသေးတယ်လို့ လည်း ဆာဆာကာဝါက ပြောပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တာလို့ သတင်းထုတ်ထားပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဝါတာနာဘေး၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့  အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြန်လွှတ်ပေးလိုက်တာလို့လည်း စစ်ကောင်စီက ဆိုပါတယ်။

ဆာဆာကာဝါဟာ အခုခရီးစဉ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ကြောင်းလည်း အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ အမည်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

2 months Ago
Up