ဂျပန်ဝန်ကြီးချုပ်ရုံး

April 9, 2021

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူများအတွက် ဂျပန်ဝန်ကြီးချုပ်ရုံးရှေ့၌ ဆုတောင်းပွဲကျင်းပ

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ မြန်မာပြည်သူတွေအတွက်  ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ချိယိုဒရှိ ဂျပန်ဝန်ကြီးရုံး အိမ်ရှေ့မှာ ဧပြီလ ၉ ရက်ညကကျင်းပရာမှာ ရာနဲ့ချီတဲ့ဂျပန်လူမျိုးတွေလည်း လာရောက်ပါဝင် ဆုတောင်းပေးခဲ့ကြပါတယ်။

“ငါတို့ ဂျပန်လူမျိုးများရဲ့ အခွန်များနဲ့ မြန်မာပြည်သူတွေကို မသတ်ပါနဲ့” လို့ရေးထားတဲ့ စာတန်းတွေကိုင်ဆောင်သူတွေလည်းရှိပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့တွေ ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့ကြသူတွေလည်းရှိပါတယ်။

ဆုတောင်းပွဲကိုတက်ရောက်လာတဲ့ မြန်မာ့အရေးအားပေးသူ ဂျပန်လွှတ်အမတ် မစ္စဖူကူရှီမက မြန်မာပြည်သူတွေကို နေ့စဉ် ရက်စက်စွာ​သတ်ဖြတ်နေတဲ့စစ်ကောင်စီကို ရှုတ်ချကြောင်းနဲ့ အိုဒီအေအပါအဝင် အထောက်အပံ့တွေ ရပ်တန့်ဖို့ ဂျပန်အစိုးရက အစွမ်းကုန်တိုက်တွန်းသွားမယ်လို့ ဆုတောင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မန္တလေးမှ သေနတ်ကျည်ဆန်ထိမှန် ကျဆုံးသွားတဲ့ မကြယ်စင်ရဲ့ ဓာတ်ပုံကိုင်ဆောင်ထားသူ ဂျပန်အမျိုးသမီးတစ်ဦးကို ဒီဗွီဘီက မေးမြန်းရာမှာ သူမအနေနဲ့ NHK တီဗီမှာ မကြယ်စင် အကြောင်းတွေ့မြင်ခဲ့ရာက  မြန်မာပြည်သူတွေနဲ့အတူ  ထပ်တူဝမ်းနည်းရလို့ အခုလိုလာရောက်ဆု တောင်းမေတ္တာပို့တာပါလို့ ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ အာဏသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုကြောင်း တရားဝင် ထုတ်ဖော်ပြောကြားနေပေမဲ့ အနောက်နိုင်ငံတွေလိုမျိုး စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကိုတော့ ပြုလုပ်ခြင်းမရှိသေးပါ။ 

သတင်း- ဓာတ်ပုံ ဇော်ဇော်လှိုင်

1 month Ago
Up