ဂျပန်လွှတ်တော်အမတ်များ

May 26, 2021

NUG မြန်မာ အစိုးရအဖွဲ့နှင့် ဂျပန်လွှတ်တော်အမတ်များ ပထမဆုံးအကြိမ်ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဂျပန်လွှတ်တော်အမတ်တွေရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းမှဆွေးနွေးပွဲကို တိုကျိုမြို့ချီယိုဒရှိ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံမှာ မေ ၂၆ ရက် ညနေ ၅ နာရီက ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို ဒုသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုတိယဝန်ကြီးတွေ တက်ရောက်ကာ ၂ နာရီလောက် ဆွေးနွေးခဲ့ကြပြီး ပူးတွဲထုတ်ပြန်ချက် မူကြမ်း ၉ ချက်ကို သဘောတူခဲ့ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေ၊ NUG အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိလှုပ်ရှားမှုတွေ၊ PDF ဖွဲ့စည်းခြင်း ရည်ရွယ်ချက်၊ ဂျပန်အစိုးရအပေါ် တောင်းဆိုချက်များ၊ မြန်မာဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နှစ်နိုင်ငံပူးပေါင်းပြီး လုပ်ဆောင်နိုင်မယ့် အရာတွေကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်အစိုးရအနေနဲ့ NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရေးအတွက် လွှတ်တော်ထည်းကတဆင့် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့ဥက္ကဋ္ဌ မစ္စတာ နခဂဝ မဆဟရုက DVB ကို ပြောပါတယ်။

အဖွဲ့အတွင်းရေးမှူး မစ္စတာ အီချိဘရှီကတော့ အခုဒီနေ့ဆွေးနွေးပွဲကတဆင့် နှစ်ဘက် သဘောထားတူညီချက် မူကြမ်း ၉ ချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်ရိုက်ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။

အစည်းအဝေးအတွင်း ဂျပန်လွှတ်တော်အမတ်တဦးက မြန်မာ့ပြည်သူတပ်မတော်လို့ မသုံးသင့်ဘဲ အကြမ်းဖက်စပ်တပ်လို့ ခေါ်ဝေါ်သုံးစွဲသင့်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အခုထိ အာဏာမထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီကို မဆက်ဆံသင့်ဘဲ မိမိတို့ ပြည်သူ့အစိုးရ NUG အစိုးရကိုသာ အခုချိန်မှစပြီး ဆက်ဆံဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာဂျပန်အာဏာရပါတီ LDP အပါအဝင် ပါတီအသီးသီးမှ ဂျပန်လွှတ်တော်အမတ် ၂၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဂျပန်သတင်းထောက် မစ္စတာခိတဇူမိနဲ့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားနေသူ ၃၀ ကျော်လည်း တက်ရောက်ခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်

6 months Ago

February 10, 2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းထန်စွာအရေးယူမည်ဟု ဂျပန်လွှတ်တော်အမတ်များ ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်တွေကို ချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်၊ အီးယူနိုင်ငံတို့နဲ့ ပူးပေါင်းပြီး ပြင်းထန်စွာအရေးယူမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေက ကြေညာပါတယ်။

ဒီကနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် ချီယိုဒမြို့ရှိ ပြည်သူ့လွှတ်တော်အဆောက်အုံမှာ ကျင်းပတဲ့ မြန်မာ့အရေးကြားနာဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်တွေက အချက်၅ ချက်ပါ ဆုံးဖြတ်ချက်ကို  ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

တောင်းဆိုချက်တွေအထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျပန်နိုင်ငံရဲ့  တောင်းဆိုချက်ကိုချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်နဲ့ အီးယူနိုင်ငံတွေနဲ့ ပူးပေါင်းပြီးပြင်းထန်စွာအရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ကာ  လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွယ်ချက်မပါတဲ့ တခြားစီးပွားရေး ထောက်အပံ့တွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရပ်ဆိုင်းတာ စတဲ့  ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။

အဆိုပါကြားနာပွဲကို   ဂျပန်လွှတ်တော်အမတ် ပညာရေးဝန်ကြီးဟောင်း မစ္စတာ နခဂဝ မဆဟရု ဦးဆောင်တဲ့  ဂျပန်လွှတ်တော်အမတ်တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးမစ္စတာ ယမဒယိုရှိယူခီ တက်ရောက်ခဲ့ပြီး မြန်မာ့အရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ ဂျပန်နိုင်ငံရောက် လူငယ်တက်ကြွ လှုပ်ရှားသူတွေက အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ကြားနာပွဲတက်ရောက်ခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါ်မာရစ်ဇမ်ဘူးက “ အခုလို ဂျပန်အစိုးရက အာဏာသိမ်းတပ်ချုပ်ကို ပြင်းပြင်းထန်ထန်သတိပေးတာဟာ မြန်မာနိုင်ငံမှာဒီမို ကရေစီထွန်းကားဖို့ အကူအညီအလုံးအရင်းပေးနေတဲ့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်အာဏာ သိမ်းတာကို အပြင်းအထန့်ကန့်ကွက်ကာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့အစိုးရကို ဆက်လက် အသိအမှတ်ပြုနေတဲ့ သဘောပါ”လို့ သုံးသပ်ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာစစ်တပ်က  တရားမဝင်အမိန့်အာဏာတွေနဲ့  အင်အားသုံးတာ၊ အကြမ်းဖက်နည်းလမ်းတွေနဲ့ ဖိနှိပ်တာတွေ လုံးဝမပြုလုပ်ဖို့လည်း ပြင်းပြင်းထန်ထန် သတိပေးနှိုးဆော်ထားပါတယ်။

10 months Ago
Up