ဂျပန်ရောက် မြန်မာလူငယ်တွေဟာ မေလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရဲ့ ဆာကူရာဂိချော ဘူတာရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ဒီကနေ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ နှိပ်စက်မှုတွေနဲ့ မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိလာအောင် ဂျပန်ဘာသာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် အလှူငွေကောက်ခံခဲ့ကြပြီး ရရှိလာတဲ့ အလှူငွေတွေကို CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူကို ပြန်လည်လှူဒါန်းပေးသွားမယ်လို့ ဂျပန်ရောက် မြန်မာလူငယ်တစ်ဦးက DVB ကို ပြောပါတယ်။
ဂျပန်ရောက် မြန်မာလူငယ်တွေက မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေအတွက် လက်ကမ်းစာစောင်ဝေတဲ့ ကမ်ပိန်းတစ်ခုကို မေလ ၁၅ ရက်နေ့က တိုကျိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ကီချီဂျိုဂျီဘူတာ၊ မြောက်ဘက်ဝင်ပေါက်နဲ့ ခိတဆန်းဂျူဘူတာ အနောက်ဘက်ဝင်ပေါက်တွေမှာ အချိန်ခွဲပြီး စစ်အာဏာရှင်ကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂျပန်နိုင်ငံနဲ့ တကမ္ဘာလုံးက ပိုပြီးသိနိုင်အောင် လူငယ်တွေက ကြိုးစားခဲ့တာပါ။
မြန်မာနိုင်ငံက CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေကောက်ခံတာတွေလည်း ပြုလုပ်ခဲ့ပြီး ခိုင်မာတဲ့ရင်းမြစ်တွေကို ဆက်သွယ်လှူဒါန်းမယ်လို့ လူငယ်တွေက ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ မြန်မာ့အရေး လက်ကမ်းစာစောင်တွေကို လူငယ်တွေက အပတ်စဉ် စနေနေ့တိုင်း ဝေငှပေးနေတာ ဖြစ်ပါတယ်။