ဂျပန်ရင်းနှီးမြှုပ်နှံမှုများ အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

October 21, 2019

ဂျပန်ရင်းနှီးမြှုပ်နှံမှုများ အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကိုင်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်စီးပွားရေးသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။   ဒီကနေ့ တိုကျိုမြို့ မေဂျီခီဟင်းခိုင်ကန်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်ရေးဆိုင်ရာ ကွန်ဖရင့်မှာတက်ရောက်ကာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စိတ်ချစွာရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ် ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေဖြေလျော့ပြီး အစိုးရက ဗဟိုချုပ်ကိုင်မှုဖြေလျော့ပေးခဲ့သလို  အွန်လိုင်းကနေမှတ်ပုံတင်တဲ့စနစ်နဲ့ ကုမ္ပဏီတွေ တည်ထောင်ခွင့်ရအောင် လုပ်ဆောင်ပေးနေတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။ ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုညီလာခံမှာ ဂျပန်လုပ်ငန်းရှင်ပေါင်း ၆၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ဖို့  ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပြီး ဒီကနေ့မနက်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ပူးပေါင်းဆောင် ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
2 years Ago
Up