ဂျပန်နိုင်ငံ၏စီးပွားရေး

August 17, 2020

ဂျပန်နိုင်ငံ၏စီးပွားရေး နှစ် ၄၀ အတွင်း အဆိုးဆုံးကျဆင်း 

ကမ္ဘာ့မှာ တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်ဟာ ၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ ၃ လပတ်မှာ နှစ် ၄၀ အတွင်း အဆိုးဆုံး စီးပွားရေး ကျဆင်းခဲ့တယ်လို့ သြဂုတ် ၁၇ ရက်မှာ ထုတ်ပြန်တဲ့ အစိုးရသတင်းအချက်အလက်တွေအရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် စားသုံးမှုနဲ့ ပြည်ပတင်ပို့မှု ထိခိုက်ခဲ့လို့ မူဝါဒ ချမှတ်သူတွေဟာ တမျိုးသားလုံးအသားတင်ထုတ်ကုန်တန်ဖိုးပမာဏ  ၆ လကျော် ကျဆင်းမှု ပိုနက်ရှိုင်းတဲ့အဆင့် မရောက်အောင် ချမှတ်လုပ်ဆောင်ဖို့  ဖိအားပေးခံနေရပါတယ်။ ဧပြီနဲ့ ဇွန်လကြား ဂျပန် စီးပွားရေးဟာ ၂၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နဂိုခန့်မှန်းထားတဲ့ တန်ဖိုး ၂၇ ဒသမ ၂ ရာခိုင်နှုန်းထက် ပိုပြီး ကျဆင်းခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက်တွေကြောင့် တဦးချင်း ငွေသုံးစွဲမှုကလည်း ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ ပြည်ပကိုသင်္ဘောနဲ့ တင်ပို့မှုကလည်း ၁၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ပြည်ပဈေးကွက်ဆီ မော်တော်ကားတင်ပို့မှုကလည်း ပြင်းပြင်းထန်ထန် ထိခိုက်ပါတယ်။ ကမ္ဘာ့ ကားအရောင်း ကျဆင်းမှုကြောင့် ဂျပန်စီးပွားရေးရဲ့ အကြီးဆုံးတွန်းအားတွေ ဖြစ်တဲ့ ကားထုတ်လုပ်သူ မာဇဒါ မော်တော်ကော်ပိုရေးရှင်း၊ နစ်ဆန်းမော်တော်ကုမ္ပဏီနဲ့ သူတို့ရဲ့ ယာဉ်အပိုပစ္စည်း ထုတ်လုပ်တင်ပို့မှုတွေလည်း ကျဆင်းသွားပါတယ်။  စီးပွားရေးဝန်ကြီးယစုတိုရှိနိရှိမုရကတော့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် ကိန်းဂဏန်းတွေက အတော်လေး ဆိုးရွားပေမယ့် လတ်တလောမှာ စားသုံးမှု ပြန်တက်လာတဲ့အတွက် အလင်းရောင်တချို့တော့ ရှိသေးတယ်လို့ ပြောပါတယ်။ ဧပြီလနဲ့ မေလမှာ စီးပွားရေး အောက်ဆုံးထိ ကျဆင်းခဲ့ပေမယ့် ပြန်တက်တဲ့ လမ်းကြောင်းပေါ် တွန်းတင်ဖို့ အစွမ်းကုန် အားထုတ်ရမယ်လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
1 year Ago
Up