ဂျပန်စစ်အသုံးစရိတ်

December 21, 2020

ကိုယ်ပျောက်တိုက်လေယာဉ်များတီထွင်ရန် ဂျပန်စစ်အသုံးစရိတ် ကန်ဒေါ်လာ ၅၁ ဘီလီယံကျော် တိုးမြှင့်

ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲစုငါ့ရဲ့ အစိုးရဟာ ၉ ကြိမ်မြောက် တဆက်တည်း တိုးမြှင့်မှုအနေနဲ့ စစ်ရေးအသုံးစရိတ်ကို ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။   တရုတ်က စစ်အင်အား တိုးနေလို့ တုံ့ပြန်ဖို့ သင်္ဘောဖျက် တာဝေး ဒုံးကျည်တွေနဲ့ စတဲ့လ် ကိုယ်ပျောက်အဆင့်မြင့် တိုက်လေယာဉ်တွေ တီထွင်ဖို့ ရန်ပုံငွေ တိုးမြှင့်ချထားခဲ့တာပါ။   ကာကွယ်ရေးဝန်ကြီးဌာနဟာ ဧပြီလက စတဲ့ ဘဏ္ဍာနှစ်အတွက် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံကို စံချိန်တင် ရရှိမှာဖြစ်ပြီး ဒါဟာ ဒီနှစ်အတွက် ရထားတဲ့ ကာကွယ်ရေး အသုံးစရိတ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း ပိုများပါတယ်။   စုငါ့ဟာ အရင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ လက်ကိုင်ပြုထားတဲ့ အငြင်းပွားဖွယ် စစ်ရေး အင်အားတိုးချဲ့မှုကို ဆက်လက် လုပ်ဆောင်နေတာပါ။   အိမ်နီးချင်းတရုတ်အပါအဝင် ပြိုင်ဘက် အလားအလာ ရှိသူတွေကို တုံ့ပြန်ဖို့ ဂျပန်စစ်တပ် အတွက် နယ်ပယ်နဲ့ ထိရောက်မှု ပိုကြီးမားတဲ့  လေယာဉ်တွေ ဒုံးကျည်တွေနဲ့ လေယာဉ်တင် သင်္ဘောတွေကို အသစ်တိုးချဲ့နေပါတယ်။ “ဆိုးရွားပြင်းထန်မှု ပိုတိုးလာတဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို တုံ့ပြန်ဖို့ ကျနော်တို့ဟာ ကာကွယ်ရေးစွမ်းရည်ကို ခိုင်ခိုင်မြဲမြဲ အားဖြည့်ချင်တယ်။ တချိန်တည်းမှာပဲ လွှတ်တော် အစည်းအဝေးတွေကနေတဆင့် ပြည်သူတွေ နားလည်အောင် ရှင်းပြနေပါတယ်” လို့ ဂျပန် အစိုးရ အဖွဲ့အတွင်းရေးမှူးချုပ် ခတ်တ်စုနိုဘု ခါ့တိုးက ဘဏ္ဍာငွေ အတည်ပြုအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။   ဂျပန်ဟာ တရုတ်မြောက်ကိုရီးယားနဲ့ အာရှရဲ့ တခြားအစိတ်အပိုင်းတွေထဲက မြေပြင် ပစ်မှတ်တွေကို ရောက်အောင် ပစ်ခတ်နိုင်ဖို့ သူ့စစ်တပ်ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးဖို့ စဉ်းစားပြီး ပိုဝေးဝေးပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို ဝယ်ယူနေပါတယ်။   နှစ် ၃၀ အတွင်း ပထမဆုံးအနေနဲ့ စီစဉ်ထားတဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကုန်ကျမယ့်  တိုက်လေယာဉ်ဟာ ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ သုံးနိုင်ဖို့ အဆင်သင့် ဖြစ်မယ်လို့ ထင်ကြေး ပေးထားပါတယ်။   ဒီစီမံကိန်းကို လော့ခ်ဟိဒ်မာတင် ကော်ပိုရေးရှင်း အကူအညီနဲ့ မစ်ဆုဘိရှိ အကြီးစား စက်မှုလုပ်ငန်းလီမီတက်က ဦးဆောင်မှာ ဖြစ်ပြီး ရန်ပုံငွေ အသစ်အနေနဲ့ အမေရိကန် ဒေါ်လာ ၇၀၆ သန်းကို ရရှိမှာပါ။   ဂျပန်ဟာ နိုင်ငံအနောက်တောင်ပိုင်းက အိုခိနာဝါကျွန်းစုကို ကာကွယ်ဖို့ တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည်တွေကို စတင်တီထွင်ဖို့ အမေရိကန်ဒေါ်လာ ၃၂၃ သန်း သုံးစွဲဦးမှာ ဖြစ်ပါတယ်။ 
4 months Ago
Up