ဂျက်လေယာဉ် ၂၄ စီး

September 13, 2021

ပြင်သစ်စစ်လေယာဉ်ထုတ်ကုမ္ပဏီမှ ဂျက်လေယာဉ် ၂၄ စီး ဂရိ တိုးမြှင့်မှာယူ

ဂရိအစိုးရဟာ ပြင်သစ်အခြေစိုက် စစ်ဘက်နဲ့ စီးပွားရေး လေယာဉ်ထုတ်လုပ်သူ ဒတ်ဆော့လေကြောင်းလုပ်ငန်းထုတ် ရာဖယ် ဂျက်လေယာဉ် ၁၈ စီး ဝယ်မယ့်အမှာစာကို အရေအတွက် ထပ်တိုးပြီး ၂၄ စီးအထိ တိုးမြှင့်မှာယူခဲ့တယ်လို့ ပြင်သစ်လက်နက်ကိုင် တပ်ဖွဲ့ရေးရာဝန်ကြီးက စက်တင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

“သိပ်ကောင်းတဲ့ သတင်းပဲ။ ဂရိဟာ ရာဖယ် ဂျက်လေယာဉ် အပို ၆ စီး ဝယ်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ခုပဲ ကြေညာလိုက်တယ်။ တကယ့်ဥရောပကို တည်ဆောက်ဖို့ ကျမတို့ အတူတွန်းအားပေး လုပ်ဆောင်နေကြတယ်” လို့ ဝန်ကြီး ဖလောရင့်စ်ပါလေက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

ဂရိလွှတ်တော်အမတ်တွေဟာ ပြင်သစ်ကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၄ ဘီလီယံဖိုး ရာဖယ်ဂျက်လေယာဉ် ၁၈ စီးဝယ်ဖို့ ဇန်နဝါရီလက အတည်ပြုခဲ့တာပါ။

လတ်တလောလတွေမှာတော့ စစ်ရေးဆိုင်ရာ ဝယ်ယူတာတွေကို ဂရိအစိုးရက ပိုတိုးလုပ်ဆောင်ခဲ့ပါတယ်။

မြေထဲပင်လယ်ထဲက စွမ်းအင်ရင်းမြစ်တွေနဲ့ ပတ်သက်ပြီး ဂရိဟာ အိမ်နီးချင်း တူရကီနဲ့ အငြင်းပွားနေလို့ စစ်ရေးစွမ်းရည် တိုးမြှင့်မယ့် အစီအစဉ်တွေကို ဂရိက ပိုတိုး လုပ်ဆောင်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။  

2 years Ago
Up