ဂျူးလူမျိုး၆သန်း

May 3, 2019

ဂျူးလူမျိုး ၆ သန်း အသတ်ခံခဲ့ရသည့် အောက်မေ့ဖွယ်နေ့ အခမ်းအနား အစ္စရေးတွင် ကျင်းပ

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး ၆ သန်း အသတ်ခံရတဲ့ ဟိုလိုကော့စ် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် မေလ ၂ ရက်နေ့က အစ္စရေး တနိုင်ငံလုံးမှာ တပြိုင်နက် ဥသြဆွဲခဲ့ပါတယ်။ နှစ်မိနစ်ကြာ ဥသြမြည်သံနဲ့အတူ လှုပ်ရှားသွားလာနေကြတဲ့ အစ္စရေးပြည်သူတွေဟာ ဟိုလိုကော့စ်အတွင်း သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တ ငြိမ်သက်ခဲ့ပါတယ်။ အဲဒီလိုပဲ ဂျေရုဆလင်မြို့ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်မှာ ပြုလုပ်တဲ့ အခမ်းအနားကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သမ္မတ ရူဗန် ရစ်ဗလင်တို့ တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ သမ္မတ ရစ်ဗလင်တို့ဟာ ဟိုလိုကော့စ်အတွင်း သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းခွေချခဲ့ပါတယ်။ တဲလ်အဗစ်မြို့ ကော်ဖီဆိုင်တွေနဲ့ ဂျေရုဆလင်မြို့ ရထားဘူတာရုံတွေ အပါအဝင် အစ္စရေးနိုင်ငံတဝန်းမှာ မနက် ၁၀ နာရီက ဟိုလိုကော့စ် အောက်မေ့ဖွယ်ဥသြ ဆွဲခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ မှ ၁၉၄၅ အတွင်း နာဇီဂျာမနီတွေဟာ ဥရောပတိုက်ရှိ ဂျူးလူမျိုးတွေရဲ့ သုံးပုံနှစ်ပုံခန့်ရှိတဲ့ လူ ၆ သန်းကို စနစ်တကျ လူမျိုးတုန်း သတ်ဖြတ်ခဲ့ပါတယ်။
2 years Ago
Up