ဂျူဗင်တပ်နည်းပြ

February 21, 2019

ဒုတိယအကျော့တွင် ရလဒ်ပြောင်းလဲနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဂျူဗင်တပ်နည်းပြ ပြော

အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့လို့ ဂျူဗင်တပ်နည်းပြဟာ အကြီးအကျယ် စိတ်ပျက်နေပေမယ့် ဒုတိယအကျော့မှာ ရလဒ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အယ်လီဂရီက ဒုတိယအကျော့ပွဲစဉ်ဟာ လွယ်ကူမှာမဟုတ်ဘဲ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသဖို့လိုအပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ အက်သလက်တီကိုအသင်းဟာ အရေးပါတဲ့ အချိန်တွေမှာ တိုက်စစ်နေရာအတွက် ကိုရီယာ၊ မိုရာတာနဲ့ သောမက်လီမာတို့ကို လူစားပြောင်းလဲ ကစားစေခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူပေးခဲ့တာကတော့ နောက်ခံလူ ဂျီမီနက်ဇ်နဲ့ ဂိုဒင်တို့ ဖြစ်ပါတယ်။ တိုက်စစ်မှူး ၃ ဦးထိ လူစားလဲ အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ အသင်းဟာ ရဲရင့်တယ်ဆိုတာကို ပြသနိုင်ခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတို့ဟာ ချန်ပီယံလိဂ် ဒုတိယအကျော့အဖြစ် မတ်လ ၁၃ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂျူဗင်တပ်ဟာ နောက်တဆင့်တက်ရောက်နိုင်ရေး ရုန်းကန်ရဖို့ ရှိနေပါတယ်။
2 years Ago
Up