အိမ်ဖြူတော်တံခါးဝမှာ လူသိန်းနဲ့ချီ ဆန္ဒပြနေချိန် အိမ်ဖြူတော်ထဲ သမ္မတမိသားစု ဘိုးလိန်းကစားနေကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဒေါ်နယ်လ်ထရမ့်ရဲ့သားက လူမှုကွန်ရက်မှာ တင်လိုက်တယ်လို့ မေရာ သတင်းတပုဒ်မှာ ဇန်နဝါရီ ၂၁ ရက်က ဖော်ပြပါတယ်။
သမ္မတနစ်ဆင်လက်ထက် ၁၉၆၉ ခုနှစ်မှာ ဘိုးလိန်းကစားတဲ့နေရာကို အိမ်ဖြူတော်အတွင်း ထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဗွီဒီယိုထဲမှာ ထရမ့်သားရဲ့ဇနီး ဗန်နစ်ဆာနဲ့ သူတို့ရဲ့သမီး ကိုင်မဒစ်ဆင်တို့ ဘိုးလိန်းကစားနေကြတာပါ။
ဂျူနီယာထရမ့် ဇနီးမှ ထောင်မှတ်ထားတဲ့ ဘိုးလိန်းပင်န်တွေကို ဘောလုံးနဲ့ ပစ်လှဲချလိုက်ပြီး ဘိုးလိန်းပင်န်အားလုံးလိုလို လဲသွားပေမယ့် ပင်န် ၂ ခုက မလဲဘဲ ကျန်နေတာကို ရွှင်ရွှင်မြူးမြူး အော်ပြီး လက်မထောင်လိုက်တဲ့ ရုပ်သံကို အင်စတာဂရမ်မှာ တင်ထားတာပါ။
ဂျူနီယာထရမ့်က “အိမ်ဖြူတော်မှာ မိသားစု ဘိုးလိန်းကစားချိန် ဗန်နစ်ဆာ ဒေါက်မြင့်ဖိနပ်အမြင့် စီးထားရင်း ကစားကွက်က အတော်အတန် ကောင်းပါတယ်” လို့ ရေးထားပါတယ်။
အင်စတာဂရမ်က ဒီရုပ်သံဗွီဒီယိုကို လူထောင်ပေါင်းများစွာ ဝင်ကြည့်ကြပြီး “ကျနော်တို့ ဘိုးလိန်းအဖွဲ့ကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ပါ၊ ကျနော်တို့က ခင်ဗျားတို့ရဲ့ ပရိသတ်တွေပါ၊ ကျေးဇူးတင်ပါတယ်” လို့ တဦးက မှတ်ချက်ရေးထားပြီး “ပျော်ပျော်နေလိုက်ပါ၊ ဒီလိုပျော်ဖို့ ထိုက်တန်ပါတယ်၊ ဒါက မိသားစုနဲ့ရှိနေချိန် အဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်ပါ” လို့ နောက်တဦးက မှတ်ချက်ရေးထားပါတယ်။
ကမ္ဘာတဝန်းက အမျိုးသမီးတွေလည်း သမ္မတအသစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ လမ်းမတွေပေါ်ကို ထွက်ပြီး ဒေါ်နယ်လ်ထရမ့်ကို ချီတက်ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။
ထရမ့် သမ္မတအဖြစ် တာဝန်ယူမယ့်အချိန်မှာ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေး၊ အမျိုးသမီးများအတွက် ကျန်းမာရေးနဲ့ အခြားကဏ္ဍတွေမှာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားရှိနေလို့ ဝါရှင်တန်ဒီစီမှာလည်း လူသောင်းပေါင်းများစွာက လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြနေကြတာပါ။
အစောပိုင်းက လန်ဒန်မှာလည်း လူထောင်ပေါင်းများစွာက ဂရိုစဗာနာစကွဲနဲ့ ထရာဖယ်လ်ဂါစကွဲတွေဆီ ချီတက်ပြီး ထရမ့်ဆန့်ကျင်မှုအတွက် အတူတကွရှိကြောင်း ပြသခဲ့ပါတယ်။
ဗြိတိန်သရုပ်ဆောင် အမ်မာသွန်ပ်ဆင် အပါအဝင် အင်္ဂလန်နိုင်ငံတဝန်းက ဆန္ဒပြသူတွေလည်း မြို့တော်ဆီကို ဦးတည်ပြီး ချီတက်ဆန္ဒပြကြပါတယ်။
အမေရိကန်နိုင်ငံမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ စကားလက်ဂျိုဟန်ဆန်နဲ့ အမ်မာဝက်ဆန်တို့လည်း ဆန္ဒပြသူတွေနဲ့ အတူပူးပေါင်း ဆန္ဒပြနေတာကို တွေ့ရပါတယ်။
အစောပိုင်းမှာ အင်္ဂလန်နိုင်ငံ ဘဲလ်ဖက်စ်၊ ကာဒစ်ဖ်၊ လန်ကက်စတာ၊ လိဒ်စ်၊ လီဗာပူး၊ မန်ချက်စတာ၊ ရှစ်ပလေနဲ့ အေဒင်ဘာ့ဂ်မြို့တွေမှာလည်း ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။
အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခဲ့တဲ့ ထရမ့်ရဲ့မှတ်ချက်တွေနဲ့ လူထုထဲ ထွက်ပေါ်လာတဲ့ မမေ့နိုင်စရာ ရုပ်သံဗွီဒီယိုတခုထဲမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး သူ မဖွယ်မရာ ပြောခဲ့တာကြောင့် အခုလို ထရမ့်ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပါ။
4 years Ago