ဂျိုဒီဖော်စတာ

June 6, 2018

မင်းသမီး ဂျိုဒီဖော်စတာ ခေါင်းဆောင်ပါဝင်သည့် သိပ္ပံလျှို့ဝှက်သည်းဖို အက်ရှင်ကား Hotel Artemis (နမူနာ)

နာမည်ကြီး ဟောလိဝုဒ်မင်းသမီးတဦးဖြစ်တဲ့ ဂျိုဒီဖော်စတာ ခေါင်းဆောင်ပါဝင်ထားတဲ့ Hotel Artemis အမည်ရတဲ့ သိပ္ပံလျှို့ဝှက်အက်ရှင်ကားတကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ ဒရူးပီရာ့စ်က ကိုယ်တိုင်ဇာတ်ညွှန်းခွဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအခြေတည်ထားခဲ့တာကတော့ အနာဂတ်ကာလကို ပုံဖော်ထားပြီး ရာဇဝတ်အပြစ်သားတွေအတွက် လော့စ်အိန်ဂျလိစ်မှာ Hotel Artemis အမည်နဲ့ ဖွင့်လှစ်ထားတဲ့ မြေအောက်လျှို့ဝှက်ဆေးရုံတခုအကြောင်း၊ လာမယ့် ၂၀၂၈ ကာလကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဆေးရုံကို ဖွင့်လှစ်ထားတာကတော့ သူနာပြု အမျိုးသမီးတယောက်ပါ။ ဂျီးန်ထောမတ်စ် အမည်ရတဲ့ အဲဒီ သူနာပြုအမျိုးသမီးနေရာမှာတော့ မင်းသမီး ဂျိုဒီ ဖော်စတာက ခေါင်းဆောင်ပါဝင်ထားပြီး နောက်ပိုင်းမှာ လူနာတွေထဲက တယောက်ဟာ တခြားသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ထိ ဖြစ်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲ ဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ကြရမယ့် ဇာတ်ကားဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းသား စတာလင်ခေဘရောင်းန်၊ ဂျက်ဖ်ဂိုးလ်ဒ်ဘလန်းမ်တို့နဲ့အတူ မင်းသမီး ဆိုဖီယာဘုတယ်လ်လာတို့က တွဲဖက် ပါဝင်ထားခဲ့ကြတာပါ။ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ တိုက်ခိုက်မှုတွေနဲ့ ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၈ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
3 years Ago
Up