ဂျီနိုအာဆိပ်ကမ်း

A d v e r t i s e m e n t With Us

May 20, 2019

လူ့အခွင့်အရေးအဖွဲ့များ၏ တားဆီးခံရသည့် ဆော်ဒီကုန်သင်္ဘော ဂျီနိုအာဆိပ်ကမ်း ရောက်ရှိ

လက်နက်ကုန်သေတ္တာတလုံးကို မတင်ဖို့ ပြင်သစ်နိုင်ငံ လူဟာဗရေဆိပ်ကမ်းမှာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အတားအဆီး ခံခဲ့ရတဲ့ ဆော်ဒီကုန်သင်္ဘောတစီးဟာ မေလ ၂၀ ရက်နေ့မှာ အီတလီနိုင်ငံ ဂျီနိုအာဆိပ်ကမ်းကို ရောက်လာပါတယ်။ ဂျီနိုအာဆိပ်ကမ်းမှာလည်း ဆန္ဒပြသူတချို့ဟာ ‘စစ်ပွဲအလိုမရှိ’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားပြီး ဆော်ဒီသင်္ဘောကို ဆန္ဒပြခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံက ဝယ်လိုက်တဲ့ လက်နက်တွေကို ဆော်ဒီအာရေဗျအနေနဲ့ ယီမင်စစ်ပွဲအတွင်း အရပ်သားတွေကို တိုက်ခိုက်တဲ့နေရာမှာ သုံးမှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် မေလ ၁၇ ရက်နေ့က လူဟာဗရေဆိပ်ကမ်းကို ရောက်လာတဲ့ ဆော်ဒီသင်္ဘောကို လူ့အခွင့်အရေးအဖွဲ့တွေက ဟန့်တားခဲ့ကြတာပါ။ အဲဒီသင်္ဘောဟာ အီတလီနိုင်ငံမတိုင်မီ စပိန်နိုင်ငံက ဆန်တန်ဒါဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပါသေးတယ်။ အဲဒီသင်္ဘောဟာ စစ်ရေးအခမ်းအနားတွေမှာသုံးဖို့ ဖြစ်နိုင်တယ်လို့ စပိန်အစိုးရ သတင်းရင်းမြစ်တခုက အဲဒီအချိန်က ပြောခဲ့ပါတယ်။ ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရနဲ့ အီရန်မဟာမိတ် ဟူသီသူပုန်အဖွဲ့အကြား ၄ နှစ်ကြာ စစ်ပွဲကြောင့် ယီမင်နိုင်ငံမှာ သိန်းချီတဲ့လူတွေ သေဆုံးခဲ့ရပါတယ်။ လက်ရှိ အီတလီဆိပ်ကမ်းကို ရောက်နေတဲ့ အဲဒီသင်္ဘောဟာ မေလ ၂၀ ရက်နေ့ နှောင်းပိုင်းမှာ ဆော်ဒီအာရေဗျနိုင်ငံကို ပြန်ထွက်မယ်လို့ ခန့်မှန်းထားကြတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up