ဂျီဟက်ဒီများ၏ သတို့သမီးဖြစ်ရန် ထွက်ပြေးလာသည့် ဗြိတိန်ကျောင်းသူများ လျှို့ဝှက်ချက် အိုင်အက်စ်ဇနီး ထုတ်ဖော်

July 31, 2017

ဂျီဟက်ဒီများ၏ သတို့သမီးဖြစ်ရန် ထွက်ပြေးလာသည့် ဗြိတိန်ကျောင်းသူများ လျှို့ဝှက်ချက် အိုင်အက်စ်ဇနီး ထုတ်ဖော်

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သူမရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ဆီးရီးယားကို ရောက်လာခဲ့တဲ့ အစ္စလမ်မီတက်ဆိုသူ အိုင်အက်စ်တဦးရဲ့ ဇနီးသည်က ယူကေနိုင်ငံက လူငယ်တွေ အများကြီး ရောက်နေလို့ ဆီးရီးယားဟာ “ဗြိတိန်နိုင်ငံ အသေးစား” ဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။ ဖမ်းဆီးဖို့ အလိုရှိနေသူ တဦးဖြစ်တဲ့ လူဖြူမုဆိုးမ ခေါ် အကြမ်းဖက်သမား ဆယ်လီဂျုံးစ်နဲ့ ဂျီဟက်ဒီတွေရဲ့ သတို့သမီးဖြစ်ဖို့ ဗြိတိန်က ထွက်ပြေးလာတဲ့ ကျောင်းသူလေးတွေကို ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို မီတက်က ပြောပြခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ နှစ်က မီတက်ရဲ့ ဗြိတိန်လူမျိုးခင်ပွန်း အမက်ဒ်ဟာ အိုင်အက်စ် တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့ပြီးနောက် သူမကို ဆီးရီးယားသွားဖို့ အတင်းတိုက်တွန်းခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် မီတက်က အဝိုင်းခံထားရတဲ့ မြို့ကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ယူကေမှာရှိတဲ့ အိမ်တွေနဲ့ ကျောင်းတွေကနေ ထွက်လာပြီး ဂျီဟက်ဒီတွေရဲ့ သတို့သမီးဖြစ်ဖို့ လာကြတဲ့ ဗြိတိန်မွတ်စလင် ဆယ်ကျော်သက်တွေရဲ့ ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။ သူမက ရက်ကာမြို့ အိုင်အက်စ်တွေရဲ့အိမ်မှာ အင်မတန်ရက်စက်တဲ့ မန်ချက်စတာမြို့က အကြမ်းဖက်သမား အမြွှာညီနောင်၊ လန်ဒန် ဘက်သ်နယ်ဂရင်းဒေသက ကျောင်းသူ ၃ ဦးတို့နဲ့ အတူတူနေခဲ့ရကြောင်း ပြောပါတယ်။ ဗြိတိန်ကျောင်းသူတွေဟာ ဆီးရီးယားမှာနေရတာ ပျော်ရွှင်နေပုံရပြီး ဗြိတိန်အွန်လိုင်းသတင်းတွေမှာ သူတို့တွေရဲ့အကြောင်း ဖော်ပြထားတာကို ဖတ်ရတာလည်း နှစ်သက်ကြတယ်လို့ မီတက်က ပြောပါတယ်။ “သူတို့ကြည့်ရတာ ပျော်နေပုံရတယ်၊ ကျမတော့ သိပ်လန့်တာပဲ” လို့ မီတက်က သည်ဆန်းဒေးတိုင်းမ်စ်သတင်းကို ပြောပါတယ်။ သူမမှာ အက်ဘ်ဒူလာလို့ခေါ်တဲ့ ၂ နှစ်အရွယ် သားတဦးရှိနေပြီး “သူနေမကောင်းဘူး၊ သူ အကူအညီ လိုအပ်နေတယ်” လို့ ပြောပါတယ်။ “လေယာဉ်သံကြားရင် ကျမတို့ ရက်ကာမှာတုန်းက ပုန်းသလို ကလေးက ပြေးပြီး ရေချိုးခန်းထဲ ဝင်ပုန်းတော့တာပဲ” လို့ သူမက ဆိုပါတယ်။ ကလေးရဲ့အဖေက ဗြိတိန်လူမျိုးဖြစ်လို့ ကလေးဘဝ အသစ်က ပြန်စနိုင်အောင် ယူကေကို ခေါ်လို့ရဖို့ မီတက်က မျှော်လင့်နေပေမယ့် ကယ်လီဖိတ် (Caliphate) လို့ခေါ်တဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ ပိုင်နက်မှာ မွေးဖွားတဲ့ ကလေးအတွက် စည်းမျဉ်းဥပဒေတွေက ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သူမရဲ့ခင်ပွန်းကလည်း ပုံမှန်သာဖြစ်ပြီး ဘာကြောင့် ဒီလို အိုင်အက်စ်တပ်သားဖြစ်ဖို့ စိတ်ကူးခဲ့တယ်ဆိုတာကို သူမ စိတ်ကူးလို့တောင်မရဘူးလို့ မီတက်ကပြောကြောင်း မေရာသတင်းမှာ ဇူလိုင် ၃၀ ရက်နေ့က ဖော်ပြပါတယ်။
4 years Ago
Up