ဂျီဒီပီ

March 6, 2019

တရုတ်နိုင်ငံက ဂျီဒီပီ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ရန် ရည်မှန်း

တရုတ်နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ဂျီဒီပီကို ၆ ကနေ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ဖို့ ရည်မှန်းထားတယ်လို့ ဝန်ကြီးချုပ် လီကွတ်ချောင်က ပြောကြားလိုက်ပါတယ်။ တရုတ်ပြည်သူ့ကွန်ဂရက်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့က စတင်လိုက်ပြီး ဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။ အဲဒီကွန်ဂရက်ကို တနိုင်ငံလုံးက လွှတ်တော်ကိုယ်စားလှယ် ၃,၀၀၀ ဝန်းကျင် တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဝန်ကြီးချုပ် လီကွတ်ချောင်က နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားတင်ပြပါတယ်။ “ဒီနှစ်အဖို့ ကျနော်တို့ စီးပွားရေးတိုးတက်မှု ဂျီဒီပီကို ၆ ကနေ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ဖို့၊ မြို့ပြအလုပ်အကိုင်သစ် ၁၁ သန်းကျော် ဖန်တီးပေးဖို့ ရည်မှန်းပါတယ်။ စစ်တမ်းကောက်ထားတဲ့ မြို့ပြအလုပ်လက်မဲ့နှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်၊ မှတ်ပုံတင်ထားတဲ့ မြို့ပြ အလုပ်လက်မဲ့နှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအတွင်းရှိပြီး စားသုံးသူဈေးနှုန်း  အညွှန်းကိန်း ၃ ရာခိုင်နှုန်းဝန်းကျင် တိုးမြှင့်ဖို့ ကျနော်တို့ ရည်မှန်းထားပါတယ်။ “ကျနော်တို့ဟာ အမေရိကန်အစိုးရနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားပါမယ်။ တရုတ်အစိုးရဟာ အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု မူတွေကို ကိုင်စွဲပြီး ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ မျှမျှတတ ဆွေးနွေးတိုင်ပင်တာကို ဆက်လက်ထောက်ခံသွားမှာပါ။ ကျနော်တို့ ကတိကဝတ်တွေကို လေးလေးနက်နက် အကောင်အထည်ဖော်ပြီး ကျနော်တို့ တရားဝင်ရပိုင်ခွင့်တွေနဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာ ဖြစ်ပါတယ်” လို့ လီကွတ်ချောင်က ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ဂျီဒီပီရည်မှန်းချက်ကို မနှစ်ကရည်မှန်းချက် ၆ ဒသမ ၅ ရာခိုင်နှုန်းထက်  လျှော့ပြီး ရည်မှန်းတာ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဘက်ဂျက်လိုငွေကို ၂ ဒသမ ၈ ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းတယ်လို့လည်း ဝန်ကြီးချုပ် လီက ပြောပါတယ်။ မနှစ်က တရုတ်နိုင်ငံရဲ့ ဘက်ဂျက်လိုငွေကို ၂ ဒသမ ၆ ရာခိုင်နှုန်း ရည်မှန်းပြီး စားသုံးသူဈေးနှုန်း အညွှန်းကိန်း စီပီအိုင် ၃ ရာခိုင်နှုန်းထားရှိဖို့ ရည်မှန်းခဲ့ပါတယ်။
2 years Ago

April 12, 2018

လာမည့်နှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ  ၇.၂ ရာခိုင်နှုန်း တိုးတက်နိုင်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ဟာ အခုနှစ်မှာ ၆.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဧပြီ ၁၁ ရက်က ထုတ်ပြန်လိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ မြန်မာပြည်ရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ ၆.၈ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်နေပြီး ၂၀၁၉  ခုနှစ်မှာတော့ ၇.၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ငွေကြေးဖောင်းပွမှုအနေနဲ့လည်း လျော့ကျလာခဲ့ပြီး ၂၀၁၆ ခုနှစ်က ၆.၈ ရာခိုင်နှုန်း ရှိတာကနေ ၂၀၁၇ ခုနှစ်မှာတော့ ၅.၃ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒီလို ငွေကြေးဖောင်းပွမှု လျော့ကျသွားတာဟာ နိုင်ငံခြားငွေကြေးလဲလှယ်မှု တည်ငြိမ်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအနေနဲ့ကတော့ အနည်းငယ်တုံ့ဆိုင်းနေပေမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ထွက်ရှိမယ့် ပြည်ပရင်းနီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပြီးရင် ရင်းနှီးမြှုပ်နှံတာတွေ ပြန်လည်လုပ်ဆောင်လာနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပြည်ပရင်းနီးမြှုပ်နှံမှု ၀င်ရောက်မှုတွေ အနည်းငယ်ထိခိုက်မှုရှိခဲ့ပါတယ်။ စည်သူဇေယျ
3 years Ago
Up