ဂျိုလီ ရိုက်ကူးသည့် First They killed My Father (နမူနာကြည့်ရှုရန်)

February 19, 2017

ဂျိုလီ ရိုက်ကူးသည့် First They killed My Father (နမူနာကြည့်ရှုရန်)

ဟောလိဝုဒ်အကျော်အမော် မင်းသမီးအိန်ဂျလီနာဂျိုလီဟာ ခမာနီတွေနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားအသစ်ကို အန်ကောဝပ်ဘုရားကျောင်းဝင်းအတွင်း ကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြသမယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ပြောလိုက်ပါတယ်။ ဒီရုပ်ရှင်ကားကနေ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကမ္ဘာက သိရှိနားလည်နိုင်မယ်လို့ မင်းသမီးက ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖေါ်ပြထားတာပါ။ ရုပ်ရှင်မပြသခင် နာရီပိုင်းအလိုက အန်ကောဝပ်တည်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ့ပ်ခရိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်းသမီးက ဒီရုပ်ရှင်အတွက် “ဂုဏ်ယူပါတယ်” လို့ပြောပြီး “အရမ်းကို ကောင်းတယ် ကျေနပ်စရာပါပဲ” လို့ ပြောသွားခဲ့ပါတယ်။ မင်းသမီးဂျိုလီက “ကမ္ဘောဒီးယားရဲ့အတိတ်က “စစ်” အကြောင်းကိုပဲ ပြောချင်တာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ အနုပညာတွေ အလှနဲ့ သမိုင်းတွေကိုလည်း လူတွေသိရှိလာနိုင်အောင် အထောက်အကူပြုချင်တာ”လို့ ပြောခဲ့ပါတယ်။ မင်းသမီးဂျိုလီရိုက်ကူးခဲ့တဲ့ “First They killed My Father” ရုပ်ရှင်ကားဟာ ကမ္ဘောဒီးယားရဲ့ စစ်အာဏာရှင်လက်ထက်အတွင်း ဘယ်သူတွေ သေဆုံးခဲ့တယ်။ ဘယ်သူတွေ အသက်ရှင် ကျန်ခဲ့လည်းဆိုတဲ့ လူတွေအကြောင်းကို ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကားဟာ ကမ္ဘောဒီးယား မိသားစုရဲ့ ချစ်မေတ္တာနဲ့ စွန့်လွှတ်ခြင်းတွေ ကမ္ဘောဒီးယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဝိညာဉ် အလှအပတွေကို ခံစားတာတွေနဲ့ ပတ်သက်ပြီး ဦးတည်ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ “First They Killed My Father” ရုပ်ရှင်ကားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအကြား ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်ရှင်တကားလုံး ခမာဘာသာစကား ကမ္ဘောဒီးယားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာလို့လည်း သိရပါတယ်။ ကမ္ဘောဒီးယား နည်းပညာရှင်တွေ အနုပညာရှင်တွေနဲ့ လက်မှုပညာရှင်တွေက ဇာတ်ညွှန်းရဲ့ အပိုင်းတော်တော်များကို ဖွဲ့စည်းခဲ့ကြပြီး နောက်ခံသရုပ်ဆောင် ၃၅၀၀ ကျော်ပါတယ်လို့ သိရပါတယ်။ ရုပ်ရှင်ကား စတင်ဖွင့်လှစ်ပြသတဲ့ပွဲကို ကမ္ဘောဒီးယားဘုရင် နိုရိုဒုမ်ဆီဟာမိုနီ၊ အစိုးရအဖွဲ့ဝင်များ နာမည်ကြီးအာဏာပိုင်များ သံအဖွဲ့အဝင်များအပါအဝင် ဧည့်ပရိသတ် ၁၅၀၀ ကျော် တက်ရောက်ကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။ ဆီရမ်ရိ့ပ်မှာ ဖွင့်ပြသပွဲပြီးနောက် ရုပ်ရှင်ကားကို ကမ္ဘောဒီးယားနိုင်ငံ တ၀ှမ်းလုံးနဲ့ တကမ္ဘာလုံးကို ပြသသွားမယ်လို့ သိရပါတယ်။ ယခုအချိန်မှာ အသက် ၁၅ နှစ်အရွယ် ရှိတဲ့ ကမ္ဘောဒီးယား သားတစ်ယောက် မွေးစားထားတဲ့ မင်းသမီးဂျိုလီက ကမ္ဘောဒီးယားနိုင်ငံဟာ သူရဲ့ “ဒုတိယအိမ်” လို့ ပြောခဲ့ပါတယ်။
4 years Ago
Up