ဂျိမ်းစ်ရိုဒရီဂွက်ဇ်

March 19, 2019

ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာရန် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဆုံးဖြတ်

ဘိုင်ယန်မြူးနစ် ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အခုနှစ် ဘောလုံးရာသီအပြီးမှာ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ကိုလံဘီယာ တိုက်စစ်ကစားသမား ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းဆီကို ၂ နှစ်အငှားစာချုပ်နဲ့ လာရောက်ကစားနေတာ ဖြစ်ပါတယ်။ အခုနှစ်ဘောလုံးရာသီအကုန်မှာ အငှားစာချုပ်သက်တမ်းလည်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ထပ်ချုပ်ပြီး မြူးနစ်မှာ ဆက်နေဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဘက်ကလည်း အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတော့တာကြောင့် ရိုဒရီဂွက်ဇ်အနေနဲ့ ရီးရဲလ်အသင်းနဲ့ ပြန်လည်ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းမှာတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြဇီဒန်း အပါအဝင် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင်တော့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်၊ နာပိုလီအသင်းတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားမယ်လို့ သိရပါတယ်။ ကွင်းလယ်လူ ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်နဲ့ ၂ နှစ်ကြာကာလအတွင်း စုစုပေါင်း ၆၂ ပွဲကစားပြီး ၁၅ ဂိုး သွင်းယူခဲ့ပါတယ်။
2 years Ago

January 17, 2019

ဘိုင်ယန်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အာဆင်နယ် စိတ်ဝင်စား

အာဆင်နယ်အသင်းဟာ အိုဇေးလ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းမှာ အိုဇေးလ်က နည်းပြ အူနိုင်းအမ်မရီရဲ့ နည်းစနစ်နဲ့ အံဝင်မှုမရှိတာကြောင့် အသင်းက ရောင်းထုတ်လိုနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။ ဒါ့အပြင် သူ့ရဲ့ တပတ်လုပ်ခ ပေါင်သုံးသိန်းခွဲဟာလည်း အသင်းမှာ အများဆုံးပေးချေရတဲ့ ပမာဏ ဖြစ်နေတာကြောင့် အိုဇေးလ်နေရာမှာ ကစားသမားသစ်တဦးနဲ့ အစားထိုးလိုတာလို့ ဆိုပါတယ်။ ကိုလံဘီယာ ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ၂ နှစ် အငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပြီး အခုနှစ် ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်အသင်းမှာလည်း ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဖြစ်နေတာကြောင့် အာဆင်နယ်အသင်းဘက်က အမှန်တကယ် ကမ်းလှမ်းခဲ့ရင် ခွင့်ပြုနိုင်ပြီး ရီးရဲလ်အသင်းနဲ့ပဲ အဓိက ဆွေးနွေးရဖို့ ရှိတယ်လို့ ဆိုပါတယ်။
2 years Ago
Up