ဂျိမ်းစ်မက်တစ်

November 29, 2018

ခါရွှန်းဂျီ အသတ်ခံရမှုတွင် ဆော်ဒီအိမ်ရှေ့စံ ပါဝင်သည့်သက်သေ မရှိဟု အမေရိကန် ပြော

အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက် ဂျမဲလ် ခါရွှန်းဂျီ အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့စံ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ တိကျခိုင်လုံတဲ့သက်သေ အမေရိကန်အစိုးရဆီမှာ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။ ဒီလအစောပိုင်းက အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ရဲ့ အကဲဖြတ်မှု အစီရင်ခံစာမှာ အိမ်ရှေ့စံက ခါရွှန်းဂျီကိုသတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ကောက်ချက်ချထားခဲ့တာနဲ့ ပတ်သက်ပြီး မေးရာမှာ မက်တစ်က သတင်းထောက်တွေကို စီအိုင်အေဆီမှာ မေးဖို့ တုံ့ပြန် ပြောဆိုပါတယ်။ "အိမ်ရှေ့စံနဲ့ ပတ်သက်မှုဆိုတဲ့ ခိုင်လုံတဲ့ သက်သေမရှိဘူး၊ သူလျှိုတွေဆီမှာလည်း မရှိသလို ဘယ်သူ့ဆီမှာမှလည်း မရှိဘူး" လို့ မက်တစ်က ပင်တဂွန်စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်ဟာ ဒီလူသတ်မှုအတွက် တာဝန်ရှိသူကို တာဝန်ခံခိုင်းနိုင်ဖို့ မျှော်လင့်ဆဲပဲလို့လည်း မက်တစ်က ပြောပါတယ်။ ဆော်ဒီသတင်းထောက် ခါရွှန်းဂျီ အသတ်ခံရမှုဟာ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန်နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကလည်း နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဆော်ဒီသတင်းထောက် ခါရွှန်းဂျီဟာ မင်္ဂလာပွဲအတွက် အထောက်အထားတွေယူဖို့ တူရကီရှိ ဆော်ဒီကောင်စစ်ဝင်ရုံးကို သွားရာက အောက်တိုဘာ ၂ ရက်နေ့မှာ ပျောက်ဆုံးခဲ့တာပါ။ အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေက မသိရှိကြောင်း သီတင်းပတ် အတော်ကြာ ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ သတင်းထောက် ဂျမဲလ်ခါရွှန်းဂျီဟာ ကောင်စစ်ဝန်ရုံးအတွင်း သေဆုံးခဲ့တယ်လို့ ဆော်ဒီအာရေးဗျအစိုးရက ဝန်ခံပြောကြားလိုက်တာပါ။ ဆော်ဒီရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ဂျမဲလ်ခါရွှန်းဂျီနဲ့ ကောင်စစ်ဝန်ရုံးအတွင်း တွေ့ခဲ့တဲ့ လူတချို့ ခိုက်ရန်ဖြစ်ခဲ့ရာကနေ ခါရွှန်းဂျီ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
2 years Ago

June 27, 2018

အမေရိကန် ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံ သွားရောက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ဟာ ဇွန် ၂၆ ရက်နေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ သမ္မတထရမ့်လက်ထက်မှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ပထမဦးဆုံး အမေရိကန် ကာကွယ်ရေးဝန်ကြီး ဖြစ်ပါတယ်။ မက်တစ်ဟာ တရုတ်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ အခုလို လာရောက်လည်ပတ်တာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ယင်ဂွတ်ချောင်က ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ နှစ်ဖက် စစ်တပ်တွေရဲ့ အခြေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေအပေါ် အမြင်သဘောထား ဖလှယ်ကြမယ်လို့လည်း မစ္စတာယင်က ပြောပါတယ်။ မက်တစ်ဟာ တရုတ်ကာကွယ်ရေးဌာန အရာရှိတွေနဲ့ တွေ့ဆုံတဲ့အခါ ပိုမိုကြီးကျယ် စနစ်ကျတဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးသွားမယ့် အကြောင်းလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up