ဂျာမနီ မြူးနစ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၉ ဦးသေ (ရုပ်သံ)

July 23, 2016

ဂျာမနီ မြူးနစ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၉ ဦးသေ (ရုပ်သံ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့က အိုလံပီယာ ကုန်တိုက်မှာ သေနတ်သမားတဦးက ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးသေဆုံးသွားတယ်လို့ ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ဇူလိုင် ၂၂ ရက်က ကုန်တိုက်မှာရှိတဲ့ မက်ဒေါနယ် စားသောက်ဆိုင်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ၁၆ ဦးဒဏ်ရာရကာ ၃ ဦးကတော့ ပြင်းထန်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးတွေအများစုဖြစ်တယ်လို့ ဇူလိုင် ၂၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြူးနစ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ သံသယရှိတဲ့ သေနတ်သမားဟာ ဂျာမနီနဲ့ အီရန်နိုင်ငံ ၂ ခုမှာ နိုင်ငံသား ခံယူထားတဲ့ မြူးနစ်မှာနေထိုင်တဲ့သူလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၁၈ နှစ်အရွယ် သေနတ်သမားက စားသောက်ဆိုင် အပြင်မှာ ကလေးတွေအား ပစ်ခတ်နေတာကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဘာကြောင့် ပစ်ခတ်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ အနည်းဆုံးလူ ၃ ဦး ပစ်ခတ်မှုမှာ ပါဝင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပစ်ခတ်မှုကို တဦးတည်း လုပ်ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယရှိတဲ့ သေနတ်သမားက နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး အလောင်းကို အိုလံပီယာကုန်တိုက်နဲ့ ၁ ကီလိုမီတာ အကွာမှာ ပြန်တွေ့ခဲ့ပါတယ်။ သံသယရှိသူဟာ မှုခင်းကျူးလွန်ဖူးတဲ့ မှတ်တမ်းရှိတဲ့သူတဦး မဟုတ်သလို အကြမ်းဖက် အုပ်စုတွေနဲ့ ဆက်စပ်မှုမရှိသလို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
5 years Ago
Up