ဂျာမနီနိုင်ငံသား ဖမ်းဆီးခံရ

December 2, 2016

အင်တာနက်ပေါ် အစ္စလာမ္မစ် ကြေညာချက်တင်မှု စွဲချက်ဖြင့် ဂျာမနီနိုင်ငံသား ဖမ်းဆီးခံရ

ဂျာမနီနိုင်ငံ ပြည်တွင်း ထောက်လှမ်းရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဂျာမနီနိုင်ငံသားတဦးကို အင်တာနက်ပေါ်မှာ အစ္စလာမ္မစ် ကြေညာချက်တွေတင်မှု စွဲချက်နဲ့ ဖမ်းလိုက်ပြီလို့ ပြည်ထဲရေးဝန်ကြီး သောမတ်စ် ဒေမဲဇေယာက သတင်းထောက်တွေကို နိုဝင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ အဖမ်းခံရသူရဲ့ ရာထူးနဲ့ ဘယ်အချိန်က ပူးပေါင်းခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ပြောဖို့ကိုတော့ ငြင်းပါတယ်။ အသက် ၅၁ နှစ်အရွယ် အမျိုးသားဟာ ကိုလုံးမြို့မှာရှိတဲ့ ဌာနရဲ့ ရုံးချုပ်ကို ဗုံးခွဲဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ ဒိုင်းဝတ်သတင်းစာရဲ့ အစီရင်ခံမှုကို မှတ်ချက်ပေးဖို့ကိုလည်း သူက ငြင်းပါတယ်။ သံသယရှိသူဟာ ဌာနရဲ့ အထိခိုက်မခံတဲ့ သတင်းအချက်အလက်တွေကို မျှဝေဖို့လည်း ကမ်းလှမ်းခဲ့တယ်။ ဒီလုပ်ရပ်ဟာ ဌာနရဲ့ အလုပ်တွေကို အန္တရာယ်ရှိစေနိုင်တယ်လို့ ဌာနပြောခွင့်ရက ပြောပါတယ်။ အကျယ်တဝင့် ရှင်းပြတာတော့ မလုပ်ခဲ့ပါဘူး။ ဒီအမျိုးသားဟာ အလုပ်ဝင်နေတဲ့ ကာလတလျှောက် မသိမသာ မထင်မရှား နေခဲ့တယ်လို့ ပြောခွင့်ရက ဆက်ပြောပါတယ်။ ဇူလိုင်လက အိုင်အက်စ် စစ်သွေးကြွတွေ လုပ်တဲ့ တိုက်ခိုက်မှုအပြီး ဂျာမန် အာဏာပိုင်တွေက စစ်သွေးကြွအစ္စလာမ္မစ်အုပ်စု ဖြစ်နိုင်ခြေရှိသူတွေကို စောင့်ကြည့်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံအတွင်း အစ္စလာမ္မစ် အယောက် လေးသောင်းလောက်ရှိပြီး အယောက် ၉၂၀၀ က အစွန်းရောက် ရှေးရိုးစွဲ ဆာလာဖစ်ဝါဒတွေလို့ ခန့်မှန်းထားပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေကို စာနာသူလို့ သံသယရှိသူတွေ အတော်များများကို ရဲတွေက လတ်တလော သီတင်းပတ်မှာ ဖမ်းထားပါတယ်။
6 years Ago
Up