ဂျာမနီလက်ရွေးစင်အသင်း

March 21, 2019

စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ရမည့်အချိန်ဖြစ်ဟု ဂျာမနီနည်းပြ ပြော

လက်ရွေးစင်အသင်းမှာ လူငယ်တွေအများစုကို ရွေးချယ်ထားတာကြောင့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရမယ့်အချိန် ဖြစ်တယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးဟာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ သောမတ်စ်မူလာ၊ ဘိုတန်၊ ဟမ်းမဲလ် စတဲ့ ကစားသမားတွေကို အသင်းကနေ အနားပေးလိုက်ပြီး လူငယ်လက်ရွေးစင် ကစားသမားတွေကို ရွေးချယ်ပြီး သွေးသစ်လောင်းခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီအသင်းမှာ အသက် ၂၃ နှစ်အောက် ကစားသမား ၈ ဦးအထိ ပါဝင်နေပြီး ပွဲ ၃၀ အထက် ပါဝင်ကစားဖူးသူတွေအဖြစ် ဂိုးသမား နူအာ၊ တိုနီခရူးစ်၊ မာကိုရူးစ်တို့သာရှိပြီး လက်ရွေးစင်အဖြစ် တပွဲမှ မကစားဘူးတဲ့ ကစားသမားသစ်သုံးဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။ နည်းပြ ဂျိုအာချင်လိုးကတော့ သူ့ရဲ့ လူငယ်ကစားသမားတွေကို ယုံကြည်မှု အပြည့်အဝထားပြီး ပြုစုပျိုးထောင်သွားမှာဖြစ်လို့ အမှားတွေရှိလာခဲ့ရင်လည်း ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သွားရမလဲဆိုတာ သင်ပြသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ မတ်လ ၂၄ ရက်မှာ ၂၀၂၀ ယူရိုခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဟော်လန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင် ကစားသွားရမှာဖြစ်ပါတယ်။
3 years Ago

June 5, 2018

ဂျာမနီလက်ရွေးစင်အသင်း အပြီးသတ် ၂၃ ဦး စာရင်းတွင် ဆာနေး မပါဝင်

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဂျာမနီလက်ရွေးစင် ကစားသမား ၂၃ ယောက်စာရင်းမှာ မန်စီးတီး တောင်ပံကစားသမား ဆာနေး ပါဝင်လာခြင်း မရှိပါဘူး။ ဂျာမန်နည်းပြ ဂျိုအာချင်လိုးက ကစားသမား ၂၇ ယောက် စာရင်းကနေ အပြီးသတ် ရွေးချယ်ဖို့ ၄ ယောက် လျော့ချရာမှာ ဆာနေး ပါဝင်သွားတာပါ။ အသက် ၂၂ နှစ်အရွယ် ဆာနေးဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြနိုင်လို့ ပရီးမီးယားလိဂ်ရဲ့ လူငယ်ကစားသမားဆုကို ရရှိထားသူ ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာ ဆာနေး ချန်ထားခံရတဲ့အတွက် အံအားသင့်စရာလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ ဂျာမနီ လူစာရင်းမှာ ဒဏ်ရာကြောင့် ၉ လကြာ နားနေရတဲ့ ဂိုးသမား နူအာ ပြန်လည် ပါဝင်လာပါတယ်။ လက်ရွေးစင်စာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေထဲက ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ၊ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်နဲ့ အာဆင်နယ်က အိုဇေးလ်တို့ ပါဝင်ပါတယ်။ လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၁ နေရာမှာရှိနေတဲ့ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အက်ဖ်မှာ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယားတို့နဲ့ အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနဲ့ လာမယ့် ဇွန်လ ၁၇ ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်း အပြီးသတ် ၂၃ ဦးစာရင်း ဂိုး - နူအာ (ဘိုင်ယန်)၊ စတီဂန် (ဘာစီလိုနာ)၊ ထရက်ပ် (ပီအက်စ်ဂျီ) နောက်တန်း - ဘိုတန်၊ ဟမ်းမဲလ်၊ ကင်မစ်ခ်ျ၊ ဇူလာ (ဘိုင်ယန်မြူးနစ်)၊ ဂျင်တာ (မိုချန်ဂလာဘတ်)၊ ဟက်တာ (ကိုလုံး)၊ ပလက်တန်ဟတ် (ဟာသာဘာလင်)၊ ရူဒီဂါ (ချဲလ်ဆီး) အလယ်တန်း - ဘရန့် (လေဗာကူဆင်)၊ ဒရက်ဇ်လာ (ပီအက်စ်ဂျီ)၊ ဂိုရက်ဇ်ကာ (ရှော်ကေး)၊ ဂန်ဒိုဂန် (မန်စီးတီး)၊ ခီဒီရာ (ဂျူဗင်တပ်)၊ တိုနီခရူးစ် (ရီးရဲလ်မက်ဒရစ်)၊ အိုဇေးလ် (အာဆင်နယ်)၊ ရူဒီ (ဘိုင်ယန်မြူးနစ်) ရှေ့တန်း - မာကိုရူးစ် (ဒေါ့မွန်)၊ မူလာ (ဘိုင်ယန်မြူးနစ်)၊ ဂိုမက်ဇ် (စတုဂတ်)၊ တီမိုဝါနာ (လိုက်ပ်ဇစ်)
3 years Ago
Up