ဂျာမနီတွင် အမျိုးသမီးများနှင့် ကလေးများသာ စီးနင်းနိုင်မည့် ရထားတွဲများ ပြေးဆွဲမည်

A d v e r t i s e m e n t With Us

November 13, 2018

တရုတ်ချေးငွေဖြင့် ရထားတွဲများဝယ်ယူရန် လွှတ်တော်တင်ပြ

ခရီးသည်တင် ရထားတွဲတွေ ၀ယ်ယူဖို့အတွက် တရုတ်နိုင်ငံက အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ချေးယူခွင့်ပြုဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက  နိုဝင်ဘာ ၁၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံလိုက်ပါတယ်။ မြန်မာ့မီးရထားအနေနဲ့ သက်တမ်းလွန်ရထားတွဲပေါင်း ၅၀၀ လောက်ရှိနေပြီး ဒါတွေကို ထည့်သွင်း အသုံးပြုနေရတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ "မြန်မာ့မီးရထားအနေနဲ့ သက်တမ်းအလိုက် (သက်တမ်းမလွန်သေး) ရထားတွဲပေါင်း ၉၉၀ တွဲရှိပါတယ်။ နှစ်လွန်တွဲပေါင်း (သက်တမ်းလွန်) ၄၅၆ တွဲရှိပြီး ဒီသက်တမ်းလွန် ရထားတွဲတွေကိုလည်း ထည့်သွင်းအသုံးပြုနေရပါတယ်။" သက်တမ်းလွန် လူစီးတွဲတွေနေရာမှာ ခေတ်မီလူစီးတွဲသစ်တွေ အစားထိုးကာ ခရီးသည်ပို့ဆောင်ရေးအတွက် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ဖို့ရည်ရွယ်ပြီး အခုလို ချေးယူခွင့်ပြုဖို့ တင်ပြတာလို့လည်း ပြောပါတယ်။ အခုချေးငွေနဲ့ ဝယ်ယူမယ့်ရထားတွဲတွေမှာ လေအိတ်ဘိုဂီပါ အထက်တန်းလူစီးတွဲ ၁၄ တွဲ၊ လေအိတ်ဘိုဂီပါ ရိုးရိုးတန်းလူစီးတွဲ ၁၄ တွဲ၊ စုစုပေါင်း ၂၈ တွဲဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ လက်ရှိသုံးနေတဲ့ တွဲဟောင်းတွေအစား တွဲဆိုင်းနှစ်ဆိုင်းခွဲပြီး အစုန်၊ အဆန် ပြေးဆွဲပေး သွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ ချေးငွေကတော့ အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ဖြစ်ပြီး ချေးငွေကာလမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ စီမံကိန်းအတွက် ကုန်ကျစရိတ်ကတော့ လေအိတ်ဘိုဂီ ရိုးရိုးတန်းလူစီးတွဲ တတွဲအတွက် အမေရိကန်ဒေါ်လာ ၄၀၉,၈၁၅ ဖြစ်ပြီး ၁၄ တွဲအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်းကျော်၊ အထက်တန်းလူစီးတွဲ တတွဲအတွက် အမေရိကန်ဒေါ်လာ ၄၄၇,၅၁၈ ဖြစ်ပြီး ၁၄ တွဲအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ သန်းကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် (ယွမ်သန်း ၈၀) ခန့်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းက ရထားတစီးမှာ နေ့စဉ်ပျှမ်းမျှခရီးသည် ၁၀၀၀ ကျော် စီးနင်းပြီး တဆိုင်းကို ပျှမ်းမျှ ကျပ်သိန်း ၄၀ ကျော်ရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
2 years Ago

March 28, 2016

ဂျာမနီတွင် အမျိုးသမီးများနှင့် ကလေးများသာ စီးနင်းနိုင်မည့် ရထားတွဲများ ပြေးဆွဲမည်

ဂျာမနီနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ကလေးတွေသာ စီးနင်းနိုင်မယ့် ရထားတွဲတွေ ပြေးဆွဲသွားမယ်လို့ ဂျာမန် ရီဂျီအိုဘန်း ရထားလိုင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးပွဲတော်ကာလမှာ နိုင်ငံတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူ အမျိုးသမီးတွေ ဒါဇင်နဲ့ချီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီးနောက်မှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ဒီအကြမ်းဖက်မှုတွေမှ ကာကွယ်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ရထားလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဂျာမနီနိုင်ငံ အရှေ့ပိုင်း၊ လိုက်ပ်ဇစ်ခ်ျမြို့နဲ့ ခင်းမနစ်ဇ်မြို့တွေဆီ ပြေးဆွဲမယ့် ရထားတွေမှာ သီးသန့်ရထားတွဲတွေအဖြစ် ပြေးဆွဲသွားမယ်လို့ ကြေညာအပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ရထားလိုင်းအနေနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခံရတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မက္ကဆီကို၊ ဘရာဇီး၊ အီဂျစ်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံ၊ ကိုလွန်းဂ်မြို့မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုနဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွေ အပါအ၀င် အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ တိုင်ကြားချက် ၈၂၁ ခု ရှိခဲ့တယ်လို့ ဒေးလီးအိပ်စ်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။ ရထားလိုင်းကတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတည်းကိုသာ မူတည်ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
5 years Ago
Up