ဂျာဗားကျွန်း

June 19, 2019

အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်တွင် မော်တော်ဘုတ်တစီးနစ်မြုပ်၊ ၁၇ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ မော်တော်ဘုတ်တစီး နစ်မြုပ်ခဲ့လို့ ကလေး ၄ ယောက် အပါအဝင် လူ ၁၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ အစိုးရအရာရှိ တယောက်က ဇွန်လ ၁၈ ရက်မှာ ပြောပါတယ်။ ၃၃ ပေရှည်တဲ့ သစ်သားလှေပေါ်မှာ လူ ၅၇ ယောက် တင်လာခဲ့ပြီး အရှေ့ဂျာဗားခရိုင်ရဲ့ ဆူမဲနက်ပ်ကမ်းလွန်မှာ ကြီးမားတဲ့လှိုင်းတွေရိုက်တာ ခံခဲ့ရတာလို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရ သိုလစ်ဘ်က ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ခရီးသည် ၃၉ ယောက်ကို ကယ်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ တယောက်ကို ရှာနေတယ်လို့ သူက ပြောပါတယ်။ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းမှု စံချိန်စံညွှန်းတွေ လျော့ရဲနေပါတယ်။ လူတွေ မတန်တဆတင်ဆောင်လို့ ကုတို့ယာဉ် မတော်တဆမှုတွေ ခဏခဏ ဖြစ်လေ့ရှိပါတယ်။ မနှစ်ကလည်း ဆူမားတြားကျွန်းပေါ်က ကမ္ဘာ့အနက်ဆုံး မီးတောင်ရေကန် တိုဘာထဲမှာ ခရီးသည် အယောက် ၂၀၀ ကျော် တင်လာတဲ့ ကုတို့ယာဉ်တစီး နစ်မြုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် လူ ၁၈ ယောက် ရှင်သန်ကျန်ရစ်ပြီး အယောက် ၂၀၀ နီးပါး ရေနစ်သေဆုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။
3 years Ago

April 30, 2019

မြို့တော် ဂျကာတာကို လူနေထူထပ်သည့် ဂျာဗားကျွန်းမှ ပြောင်းရွှေ့ရန် သမ္မတ ဝီဒိုဒို ဆုံးဖြတ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို လူနေထူထပ်တဲ့ ဂျာဗားကျွန်းကနေ နေရာပြောင်းရွှေ့ဖို့ သမ္မတ ဝီဒိုဒိုက ဆုံးဖြတ်လိုက်တယ်လို့ အင်ဒိုနီးရှား စီမံကိန်းဝန်ကြီးက ဧပြီ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဧပြီ ၁၇ ရက် သမ္မတရွေးကောက်ပွဲမှာ ဝီဒိုဒို အနိုင်ရတယ်လို့ ပုဂ္ဂလိက မဲစာရင်း ရေတွက်သူတွေ ကြေညာပြီး သီတင်း ၂ ပတ်အတွင်းမှာပဲ ဝီဒိုဒိုက ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမြို့တော် ဂျကာတာမှာ လူဦးရေ ၁၀ သန်းကျော်ရှိပေမယ့် အနီးဝန်းကျင်မြို့တွေမှာ အခြေချနေထိုင်သူ ဦးရေဟာ အဲဒီပမာဏထက် ၃ ဆဝန်းကျင်ရှိပြီး မြို့တော် လူဦးရေ ကျပ်တည်းမှုကို ပိုမိုဆိုးရွားစေပါတယ်။ မြေနိမ့်ပိုင်းမှာ တည်ရှိတဲ့ ဂျကာတာဟာ ရေကြီးနစ်မြုပ်မယ့် အလားအလာရှိပြီး မြေအောက်ရေ အလွန်အကျွံ ထုတ်ယူတဲ့အတွက် မြေအောက်နိမ့်ဆင်းနေပါတယ်။ အင်ဒိုနီးရှားလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ မြို့တော် ဂျကာတာမှာ နေထိုင်ပြီး စီးပွားရေးလုပ်ငန်းအားလုံး ဂျကာတာမှာ ရှိနေတဲ့အချက်ကို သမ္မတ ဝီဒိုဒိုက  ထည့်သွင်းစဉ်းစား ဆုံးဖြတ်တယ်လို့ စီမံကိန်းဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ မဲဆွယ်ပွဲအတွင်း ဝီဒိုဒိုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဂျာဗားကျွန်းပြင်ပ ရောက်ရှိ ပျံ့နှံ့စေမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
3 years Ago
Up