ဂျာနယ်လစ် ၂၀၀ ခန့်

January 20, 2018

ဂျာနယ်လစ် ၂၀၀ ခန့် ဖိလစ်ပိုင်အစိုးရကို ဆန္ဒပြ

ဖိလစ်ပိုင် သတင်းဝက်ဘ်ဆိုက်တစ်ခုကို အစိုးရက အခြေခံဥပဒေတားမြစ်ချက် ချိုးဖောက်တယ်ဆိုပြီး လိုင်စင်ပိတ်သိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ဂျာနယ်လစ် ၂၀၀ လောက်ဟာ မြို့တော် မနီလာမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၉ ၇က် ညပိုင်းမှာ ဖိလစ်ပိုင် ဂျာနယ်လစ်တွေက သတင်းစာလွတ်လပ်ခွင့်ကို တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။ ဖိလစ်ပိုင်အစိုးရက ရက်ပလာလို့ခေါ်တဲ့ သတင်းဝဘ်ဆိုက်ဟာ နိုင်ငံခြားသားပိုင် သတင်းမီဒီယာ မဖြစ်ရဆိုတဲ့ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုပြီး လိုင်စင်ကို ပယ်ဖျက်လိုက်တာပါ။ နောက်ပြီး ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနကလည်း ရက်ပလာ သတင်းဝက်ဘ်ဆိုက်ကို ရာဇဝတ်မှုကျူးလွန်ထားတာမျိုး ရှိ/မရှိ စုံစမ်းစစ်ဆေးဖို့ ဇန်နဝါရီ ၁၇ ရက်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ “ကျမတို့ ကြံ့ကြံ့ခံရပ်တည်သွားမှာပါ။ အခိုင်အမာ ရပ်တည်သွားမှာပါ။ ကျမတို့ကို စွဲဆိုထားတဲ့ ပြစ်မှုတွေကို ရင်ဆိုင်ဖြေကြားသွားမှာပါ။ ဘာကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး။ တရားဥပဒေနဲ့ မညီတဲ့ကိစ္စ ကျမတို့ ဘာမှမလုပ်ခဲ့ဘူး။ အစိုးရရဲ့ ဒီလုပ်ရပ်တွေကို ကျမတို့ ရှုတ်ချပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဟာ သတင်းစာပညာကို ရာဇဝတ်မှုဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေတာကြောင့်ပါ။ ကျမတို့ကို ခြိမ်းခြောက်တာကို ခံနေမှာ မဟုတ်ဘူး” လို့ ရက်ပလာသတင်းဝက်ဘ်ဆိုက်ရဲ့ အမှုဆောင်အယ်ဒီတာ မာရီယာရက်ဆာ က ပြောကြားပါတယ်။ “သမ္မတဒူတာတေရဲ့ လုပ်ရပ်တွေက အခြေခံအားဖြင့် မီဒီယာဖိနှိပ်မှုပါ။ ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ အနိုင်ကျင့်တဲ့ နည်းဗျူဟာတွေပါ။ ဒီလုပ်ရပ်ဟာ စစ်အုပ်ချုပ်ရေး ဥပဒေလွှမ်းမိုးတဲ့ ကာလကို ပြန်ရောက်သွားသလိုပါပဲ” လို့ သတင်းစာပညာဆိုင်ရာ ပါမောက္ခ ဒန်နီလိုအာအိုက ပြောပါတယ်။ ဖိလစ်ပိုင်အစိုးရက လိုင်စင်ပိတ်သိမ်းလိုက်တဲ့ ရက်ပလာ သတင်းဝက်ဘ်ဆိုက်ဟာ စုံစမ်းထောက်လှမ်း သတင်းရေးသားတဲ့ မီဒီယာအဖြစ် လူသိများတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေက “သတင်းတု ထုတ်လွှင့်နေတဲ့” ဝက်ဘ်ဆိုက်လို့ ဇန်နဝါရီ ၁၆ ရက်နေ့က သုံးနှုန်းခေါ်ဝေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အစိုးရစည်းကမ်းထိန်းသိမ်းရေးဌာန အပေါ် လွှမ်းမိုးခဲ့တာ မရှိဘူးလို့ ဒူတာတေက ပြောကြားထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up