ဂျမ်းစ်ဘွန်းရုပ်ရှင်

June 11, 2018

ဂျိမ်းစ်ဘွန်းရုပ်ရှင် ပထမဆုံး မင်းသမီးကြီး အသက် ၉၀ အရွယ်တွင် ကွယ်လွန်

နာမည်ကြီး ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတွေရဲ့ ပထမဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး ယူနစ္စ ဂေဆင်ဟာ ဇွန်လ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ ၁၉၆၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dr No အမည်ရတဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားမှာ မင်းသားကြီး ရှောင်ကွန်နရီနဲ့အတူ ဆဲလ်ဗီယာ ထရမ့်ခ်ျ အမည်ရတဲ့ ဇာတ်ကောင်အမျိုးသမီးနေရာကနေ ပါဝင်ခဲ့တာပါ။ တွစ်တာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ပရိသတ်တွေက မင်းသမီးကြီးရဲ့ နာရေးအပေါ် ဝမ်းနည်းကြောင်းပို့စ်တွေ အများကြီး ရေးခဲ့ကြပါတယ်။ ဘွန်းရုပ်ရှင်ကားစီးရီးတွေရဲ့ ထုတ်လုပ်သူတွေဖြစ်ကြတဲ့ မိုက်ကယ် ဂျီဝီလ်ဆင်နဲ့ ဘာဘရာ ဘရိုကိုလီတို့ကလည်း ထုတ်ပြန်ချက်တခုထဲမှာ “Dr No နဲ့ From Russia With Love ရုပ်ရှင်ကားတွေမှာ ဆဲလ်ဗီယာ ထရမ့်ခ်ျ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကျနော်တို့ရဲ့ ပထမဆုံး ဘွန်းမင်းသမီး ယူနစ္စ ဂေဆင် ကွယ်လွန်ကြောင်း သိရလို့ ဝမ်းနည်းမိပါတယ်။ သူ့ရဲ့မိသားစုနဲ့ ထပ်တူ ကြေကွဲရပါတယ်” လို့ ရေးခဲ့ပါတယ်။ သူဟာ ဘွန်းရုပ်ရှင်ကားတွေမှာ ပါဝင်ပြီး နောက်ပိုင်းမှာတော့ The Saint နဲ့ The Avengers စတဲ့ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဂေဆင်ကို ၁၉၂၈ ခုနှစ်က အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဆာရေးအရပ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ အရွယ်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
3 years Ago
Up