ဂျပန်-မြန်မာ ရေသဘင်ပွဲတော် လူ ၄ဝဝဝ ကျော် ပါဝင်ဆင်နွှဲ

August 26, 2018

ဂျပန်-မြန်မာ ရေသဘင်ပွဲတော် လူ ၄ဝဝဝ ကျော် ပါဝင်ဆင်နွှဲ

ဂျပန်နိုင်ငံ ဆိုင်တမခရိုင် Tsurugashima မြို့ဒေသခံ ဂျပန်လူမျိုးတွေက ဂျပန်-မြန်မာ ရေသဘင်ပွဲတော်ကို သြဂုတ်လ ၂၆ ရက်နေ့က ဦးစီးကျင်းပခဲ့ပြီး ဂျပန်-မြန်မာ စုစုပေါင်း ၄ဝဝဝ ကျော် လာရောက်ခဲ့ကြပါတယ်။ မြန်မာ့သင်္ကြန်ကျင်းပချိန် မဟုတ်ပေမယ့် ဆုရုက ရှီမ ဒေသမှာ ၄ နှစ်တကြိမ် ကျင်းပလေ့ ရှိတဲ့ မိုးဆုတောင်းပွဲတော် အကြိုပွဲနဲ့အတူ မြန်မာ့ရိုးရာသင်္ကြန်နဲ့ မြန်မာနိုင်ငံအကြောင်းကို ဒေသခံဂျပန်လူမျိုးတွေကို မိတ်ဆက်ပေးချင်တာကြောင့် အခုလို Splash Festival ကို ကျင်းပရတာပါလို့ ပွဲကျင်းပရေးကော်မတီဝင်တဦးဖြစ်တဲ့ မစ္စတာ ဟီယနော့ ယူခီအို က ဒီဗွီဘီကို ပြောပြပါတယ်။ ဂျပန်စစ်ပြန်ကြီးတဦးရဲ့သားဖြစ်သူ မစ္စတာ ရှီမားဒ က “အခုလို မြန်မာ့ ရေသဘင် ပွဲတော်နဲ့အတူ မြန်မာ့ရိုးရာအနုပညာ ရိုးရာအစားအသောက်တွေကို စုစုစည်းစည်းတွေ့ရလို့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာစေပြီး ဒေသခံဂျပန်တွေနဲ့ မြန်မာလူမျိုးတို့ ပိုမိုရင်းနှီး လာစေတယ်”လို့ ဆိုပါတယ်။ ပွဲတော်မှာ ဂျပန်-မြန်မာ ၂ နိုင်ငံအဆိုအကတွေအပြင် မြန်မာအစားအသောက်တွေ ရောင်းချခဲ့သလို ဂျပန်လူမျိုးတွေကလည်း ဂျပန်နွေရာသီပွဲတော် ရိုးရာအစားအသောက်တွေနဲ့ ဧည့်ခံတာကိုလည်း တွေ့ရပါတယ်။ ၂ဝ၂ဝ ခုနှစ် ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အိုလံပစ်အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင် မြန်မာအားကစားသမားတွေကို လက်ခံထားရှိဖို့ ဆိုင်တမခရိုင် Tsurugashima မြို့ဒေသခံတွေက အဆိုပြုထားပါတယ်။
3 years Ago
Up