မြောက်ကိုရီးယားနိုင်ငံဟာ ဒီကနေ့မနက် အစောပိုင်းက ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ သူ့နိုင်ငံသားတွေအပေါ် သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတခုဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောလိုက်ပါတယ်။
အစိုးရရဲ့ J-Alert ကြိုတင်သတိပေးစနစ်က ဒေသတွင်း ပြည်သူတွေကို ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ အကြံပြုခဲ့ပေမယ့် နိုင်ငံပိုင် အန်အိပ်ခ်ျကေသတင်းဌာနကတော့ ပျက်စီးမှု တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့တာပါ။
ဒေသစံတော်ချိန် မနက် ၆ နာရီ ၆ မိနစ် အချိန်က ဂျပန်ပိုင်နက်ပေါ် ဖြတ်သန်းသွားတဲ့ အဲဒီဒုံးကျည်ကို ဂျပန်စစ်တပ်က ပစ်ချဖို့ မကြိုးပမ်းခဲ့ဘူးလို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စအပေါ် အရေးပေါ် အစည်းအဝေး လုပ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေတုန်းကလည်း ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့ဖူးသလို အဲဒါဟာ ဂြိုဟ်တုစနစ် စမ်းသပ်မှုသာဖြစ်ပြီး လက်နက်ပစ်လွှတ်မှု မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
5 years Ago