အမေရိကန်နဲ့တွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယားဘက်က လမ်းဖွင့်လိုက်တာဟာ ဂျပန်နဲ့ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့ ဂျပန်အစိုးရက ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ပထမဆုံး အမေရိကန်- မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို မေလမှာ ကျင်းပဖို့ သဘောတူလိုက်ပြီးတဲ့နောက် ဂျပန်အစိုးရဘက်က အခုလို ပြောလိုက်တာပါ။
“မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးမှုမှာ သမ္မတထရမ့်နဲ့ ၀န်ကြီးချုပ်အာဘေး တို့ရဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တောင်ကိုရီးယား၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့နဲ့ နီးကပ်တဲ့ လုပ်ဆောင်မှု ရလဒ်ကြောင့် မြောက်ကိုရီးယားဘက်က အခုလိုလုပ်လာတာပါ” လို့ ဂျပန်အစိုးရ အဖွဲ့အတွင်းဝန် ယိုရှိဟိုက် ဆုဂါက ပြောကြားသွားတာပါ။
“ဒါပေမယ့် တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ ထင်သာမြင်သာရှိပြီး နောက်ပြန်လှည့်လို့ မရမယ့် နျူကလီးယား လျှော့ချရေးလုပ်ငန်းစဉ် တိတိကျကျရှိဖို့လည်း ၀န်ကြီးချုပ်က ထောက်ပြပြောဆိုထားပါတယ်” လို့လည်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန် ယိုရှိဟိုက် ဆုဂါက ပြောပါတယ်။
မတ်လ ၉ ရက်နေ့မနက်ပိုင်းမှာ သမ္မတ ထရမ့်နဲ့ ဖုန်းပြောဆိုချိန် ၀န်ကြီးချုပ်အာဘေးက အခုလို ပြောကြားခဲ့တာလို့လည်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်က ဆက်ရှင်းပြသွားပါတယ်။
3 years Ago