ဂျပန်ဧကရာဇ်

May 20, 2019

ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့ကို ဒေါ်နယ်ထရမ့် တွေ့ဆုံမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုသီတင်းပတ်နှောင်းပိုင်း ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ်နဲ့ မိဖုရားတို့ကို ပထမဆုံး တွေ့ဆုံသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ထရမ့်ဟာ မေလ ၂၅ ရက်နေ့ကစပြီး ဂျပန်နိုင်ငံကို လေးရက်ကြာ ခရီးစဉ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့က ထီးနန်းလွှဲပြောင်းရယူခဲ့တဲ့ ဂျပန်ဧကရာဇ်သစ် နာရူဟီတိုနဲ့ တွေ့ဆုံမှုက ထရမ့် ဂျပန်ခရီးစဉ်ရဲ့ အဓိက အရေးပါတဲ့ အကြောင်းအရာတခုပါ။ ထရမ့်ရဲ့ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ စစ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ပျံ့နှံ့နေပါတယ်။ ဧကရာဇ် နာရူဟီတိုက နိုင်ငံရေးတွေမှာ ဝင်ပါလေ့မရှိဘူး။ အဲဒါကြောင့် ဒါဟာ အရဲစွန့်ရာတော့ ရောက်တယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မယ့် ကုန်သွယ်ရေးစစ်ပွဲ အစချီနိုင်တဲ့ အကြောင်းတွေ ထရမ့်က ပြောလာမှာကိုတော့ စိုးရိမ်မိတယ်လို့ တိုကျိုမြို့လယ်ခေါင်က ဧကရာဇ်နန်းတော်ကို လာရောက်လည်ပတ်တဲ့ အသက် ၆၈ နှစ်အရွယ် ဂျွန်ကိုတာကီဟာရှီက ပြောပါတယ်။ ထရမ့်ရဲ့ ဂျပန်နိုင်ငံ ဒုတိယခရီးစဉ်အတွင်း သမ္မတကတော် မယ်လန်နီယာ ထရမ့်လည်း လိုက်ပါလာမှာပါ။ ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ တွေ့ဆုံဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကို ဖိတ်ခေါ်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။ လေးရက်ကြာ ခရီးစဉ်အတွင်း ထရမ့်နဲ့ ရှင်ဇိုအာဘေးတို့ဟာ အမေရိကန်-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်ရေးကနေ မြောက်ကိုရီးယားကိစ္စအထိ ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
3 years Ago

May 1, 2019

ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲ အခမ်းအနား ပြုလုပ်

ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲ တရားဝင်အခမ်းအနားကို မေလ ၁ ရက်နေ့က ဘုရင့်နန်းတော်အတွင်း ပြုလုပ်ခဲ့ပါတယ်။ ဧကရာဇ် နာရူဟီတိုဟာ ခမည်းတော် အကီဟီတို ထီးနန်းစွန့်ပြီး နောက်တရက်မှာ ထီးနန်းအရိုက်အရာကို ဆက်ခံတာဖြစ်ပါတယ်။ အသက် ၅၉ နှစ်အရွယ် နာရူဟီတိုဟာ ဂျပန်ထီးနန်းဆက်ခံမှု အစဉ်အလာအရ ကမ္ဘာ့ သက်တမ်းအရှည်ဆုံး မင်းဆက်ရဲ့ ၁၂၆ ဦးမြောက် ဧကရာဇ်လည်း ဖြစ်ပါတယ်။ ခမည်းတော် အကီဟီတိုဟာ ရာစုနှစ် နှစ်ခုအတွင်း နန်းစွန့်တဲ့ ပထမဆုံး ဂျပန်ဧကရာဇ် ဖြစ်ခဲ့ပါတယ်။ အနှစ် ၃၀ ကြာ ဟေးဆေးခေတ်မှာ ဧကရာဇ် အကီဟီတိုဟာ ငြိမ်း်ချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ တက်ကြွတဲ့ အမှတ်လက္ခဏာ ဖြစ်ခဲ့ပါတယ်။ ဂျပန်ပြည်သူ အတော်များများက ဧကရာဇ် နာရူဟီတိုကိုလည်း သူ့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ဖခင်နည်းတူ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ နန်းတက်ပွဲ ပထမဆုံးမိန့်ခွန်းမှာ ဧကရာဇ် နာရူဟီတိုက သူ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေအတိုင်း တာဝန်ဝတ္တရားတွေကို ထမ်းဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ပြည်သူတွေ ပျော်ရွှင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့အတူ ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆန္ဒပြုပါတယ် ဆိုပြီးလည်း ဧကရာဇ် နာရူဟီတိုက နန်းတက်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
3 years Ago
More News
Up