ဂျပန်အကြီးဆုံးစစ်သင်္ဘော

May 1, 2017

အမေရိကန်စစ်သင်္ဘောများကို အကာအကွယ်ပေးရန် ဂျပန်အကြီးဆုံးစစ်သင်္ဘော ထွက်ခွာ (ရုပ်သံ)

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးစစ်သင်္ဘော အီဇူမိုဟာ အမေရိကန်စစ်သင်္ဘောတွေကို အကာအကွယ်ပေးဖို့ မေလ ၁ ရက်နေ့က ယိုကိုဆူကာ အခြေစိုက်စခန်းကနေ ထွက်ခွာလာပါတယ်။ အဲဒီစစ်သင်္ဘောဟာ တင်းမာမှုမြင့်တက်နေတဲ့ ကိုရီးယားကျွန်းဆွယ်နားက အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ် ကားလ် ဗင်ဆန် (USS Carl Vinson) ကို ကူညီထောက်ပံ့ဖို့ ထွက်ခွာသွားတာဖြစ်ပါတယ်။ အမေရိကန်နဲ့ စည်းလုံးမှုရှိတာကို ပြသတဲ့အနေနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမိ အီနာဒါ (Tomomi Inada) ဟာ အမေရိကန်သင်္ဘောအုပ်စုကို ကူညီဖို့ ဂျပန်ရဟတ်ယာဉ်တင်သင်္ဘောကို စေလွှတ်လိုက်တာဖြစ်ပါတယ်။ မနှစ်က ဂျပန်နိုင်ငံမှာ လုံခြုံရေးဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက် ဂျပန်နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် အခုလို စစ်သင်္ဘောစေလွှတ်တာ ဖြစ်ပါတယ်။ ယူအက်စ်အက်စ် ကားလ် ဗင်ဆန် လေယာဉ်တင်သင်္ဘောအုပ်စုဟာ  ကိုရီးယားကျွန်းဆွယ်အနီးကို ရောက်ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ မြောက်ကိုရီးယားကလည်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေ ထပ်ပြီးပြုလုပ်မယ့် အရိပ်အယောင်တွေ မြင်တွေ့ရပါတယ်။ အရှည် ၂၄၉ မီတာရှိတဲ့ အီဇူမို စစ်သင်္ဘောဟာ ဒုတိယကမ္ဘာစစ်က ဂျပန်လေယာဉ်တင်သင်္ဘောတွေလောက် ကြီးမားပြီး ရဟတ်ယာဉ် ၉ စင်းအထိ တင်ဆောင်နိုင်ပါတယ်။
4 years Ago
Up