ဂျပန်အခြေစိုက် ကုမ္ပဏီကြီးတခုက အမေရိကန် စီးပွားရေးတွင် ဒေါ်လာဘီလီယံ ၅၀ ရင်းနှီးမြှုပ်နှံမည်

December 8, 2016

ဂျပန်အခြေစိုက် ကုမ္ပဏီကြီးတခုက အမေရိကန် စီးပွားရေးတွင် ဒေါ်လာဘီလီယံ ၅၀ ရင်းနှီးမြှုပ်နှံမည်

ဂျပန်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Softbank ကုမ္ပဏီကြီးက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမှာ ဒေါ်လာ ဘီလီယံ ၅၀ ရင်းနှီးမြှုပ်နှံမယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။ အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ Softbank ကုမ္ပဏီ စီအီးအိုတို့ နယူးယောက်မြို့မှာ တွေ့ဆုံအပြီး စီအီးအို မာစာယိုရှီဆန်က အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဒါကြောင့် Softbank ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးတွေ တနှစ်အတွင်း အမြင့်ဆုံး တက်သွားခဲ့ပြီး ဈေးအဖွင့်မှာတင် ၅ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။ အမေရိကန်စီးပွားရေးတွေမှာ ဒေါ်လာဘီလီယံ ၅၀ မြှုပ်နှံမယ်လို့ စီအီးအို ဆန်က ပြောဆိုခဲ့ပေမယ့် ဘယ်နေရာမှာ ဘယ်လိုရင်းနှီးမြှုပ်နှံမယ်ဆိုတာတော့ မပြောဆိုပါဘူး။ Softbank ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတခုဖြစ်ပြီး အရင်ကလည်း Vodafone ဆက်သွယ်ရေးကုမ္ပဏီရဲ့ ဂျပန်လုပ်ငန်းခွဲနဲ့ Sprint အမေရိကန်တယ်လီဖုန်းကုမ္ပဏီတို့ကို ၀ယ်ယူခဲ့ဖူးပါတယ်။ အဲဒီတုန်းက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နဲ့ ၀ယ်ယူခဲ့လို့ အကြီးဆုံးကုမ္ဗဏီ ၀ယ်ယူမှုကြီးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း စမတ်ဖုန်းအတော်များများမှာ အသုံးပြုတဲ့ microchip တွေကို ထုတ်လုပ်တဲ့ ဗြိတိန်နိုင်ငံအခြေစိုက် ARM နည်းပညာကုမ္ဗဏီကို ဒေါ်လာ ၃၂ ဘီလီယံနဲ့ ၀ယ်ယူခဲ့ပါတယ်။
5 years Ago
Up