ဂျပန်အစိုးရပြော

October 8, 2016

မြောက်ကိုရီးယား၏ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို ပြင်ဆင်ထားကြောင်း ဂျပန်အစိုးရပြော

ဂျပန်အစိုးရက မြောက်ကိုရီးယားရဲ့ ဘယ်လို ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေအတွက်မဆို ပြင်ဆင်ထားပြီးပြီလို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။ နျူကလီးယား အနာဂတ်အတွက် နောက်ထပ် လုပ်ရပ်တွေ လုပ်ဦးမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့တာပါ။ “မြောက်ကိုရီးယားရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို အလွန်အမင်း သတိထားတယ်။ အခြေအနေကိုဆက်ပြီး အကဲဖြတ်နေတယ်” လို့  ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှိဟိဒဲ စုငက ပြောပါတယ်။ “စဉ်ဆက်မပြတ် စမ်းသပ် ပစ်လွှတ်မှုတွေကြောင့် မြောက်ကိုရီးယားရဲ့ အစီအစဉ်ဟာ ဂျပန်အတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှု ဖြစ်လာတယ်။ ဒါဟာ ကုလလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာပဲ” လို့ သူက ဆက်ပြောပါတယ်။ “မြောက်ကိုရီးယားရဲ့ ရန်စတဲ့ အပြုအမူတွေ ရပ်တန့်ရေး ဖိအားတွေ တိုးလုပ်ဖို့ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ဆက်ပြီး ညှိနှိုင်းသွားမယ်။ ဖြစ်နိုင်ချေ အားလုံးအတွက် ပြင်ဆင်စောင့်ကြပ်ဖို့ သတင်းအချက်အလက်တွေ စုဆောင်းနေတယ်။” လို့ သူက ဆက်ပြော ပါတယ်။ နီးကပ်လာတဲ့ အနာဂတ်မှာ ဖြစ်ရပ်မှန်အတွက် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယားက အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို သတိပေးတဲ့ ကြေညာချက်ကို မြောက်ကိုရီးယား ရုပ်သံက ထုတ်ပြန်ခဲ့ပါတယ်။ နျူကလီးယားနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို စူပါပါဝါ အင်အားကြီးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တဲ့အတွက် အမေရိကန်ကို အပြစ်တင်တယ်လို့ ဂျပန် ရုပ်သံ NHK က ပြောခဲ့ပါတယ်။
6 years Ago
Up