ဂျပန်အစိုးရ

August 16, 2018

သမိုင်းကို ဆင်ခြင်သုံးသပ်ရန် ဂျပန်အစိုးရအား တိုက်တွန်း

ပစိဖိတ်ဒေသအရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ဂျပန်အစိုးရအနေနဲ့ သမိုင်းကို ဆင်ခြင်သုံးသပ်ဖို့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်ဟာ အာရှမှာ ရန်လိုစစ်ပွဲ ဆင်နွှဲဖူးတဲ့ သမိုင်းကို အမြဲ ဆင်ခြင်သုံးသပ်သင့်တယ်၊ လမ်းမှားကို ထပ်မသွားမိအောင် ရှောင်သင့်တယ်လို့ ဂျပန်နိုင်ငံသား ပစိဖိတ် တက်ကြွလှုပ်ရှားသူ တာခခငဲ့ ဖုဂျိတက သြဂုတ် ၁၄ ရက်နေ့မှာ ပြောလိုက်တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း တခြား အာရှနိုင်ငံတွေမှာ ကပ်ဘေးသင့်အောင် ဂျပန်က လုပ်ခဲ့မှုအတွက် အဲဒီအချိန်က ဂျပန်ဝန်ကြီးချုပ် တိုမိအိချိ မူရာယာမက ကြေညာချက်ထုတ်ပြန် တောင်းပန်ခဲ့ပါတယ်။ မူရာယာမ ကြေညာချက်ကို ထောက်ခံထိန်းသိမ်းဖို့နဲ့ တိုးတက်ပြန့်ပွားစေဖို့ ရည်စူးထားတဲ့ ဂျပန် အရပ်ဘက်အုပ်စုရဲ့ ညွှန်ချုပ်လည်းဖြစ်တဲ့ ဖုဂျိတက ဂျပန်ဟာ အလားတူအမှားမျိုးကို ထပ်ပြီး မကျူးလွန်ရဘူးလို့ ပြောပါတယ်။ ဘယ်လိုစစ်ပွဲကိုမှ မဆင်နွှဲဘူးဆိုတဲ့ကတိ တည်ဖို့နဲ့ စစ်အတွင်း ရက်စက်ယုတ်မာခဲ့မှု အပေါ် ရိုးရိုးသားသား နောင်တရပြီး သမိုင်းကို ဆင်ခြင်သုံးသပ်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းတယ်လို့လည်း သူက ပြောပါတယ်။ ဒီလိုမှသာ ဂျပန်ဟာ အိမ်နီးချင်းတွေနဲ့အတူ ဆက်နေနိုင်မယ်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးသာလျှင် ဘုံကြွယ်ဝမှုကို ဦးတည်စေမယ်ဆိုတာ သမိုင်းက ကျနော်တို့ကို သင်ပေးပြီးပြီလို့ သူက ဆက်ပြောပါတယ်။ သြဂုတ် ၁၅ ရက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က လက်နက်ချတဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။
3 years Ago
Up