ဂျပန်အကူဖြင့် အဆင့်မြင့်အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးမည်

May 15, 2016

ဂျပန်အကူဖြင့် အဆင့်မြင့်အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးမည်

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံမှာ အဆင့်မြင့်အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးသွားမယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရေးရာကော်မတီဝင် ၁၅ ဦးတို့ ဂျပန်နိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် မေလ ၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လုပ်သားစွမ်းရည်မြင့်တင်ရေးနည်းပညာ၊ လမ်းပန်းဆက်သွယ်ရေး၊ ဂျပန်လွှတ်တော်ရေးရာတွေကို လေ့လာခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က “ကျနော်တို့ အင်းစိန်အောင်ဆန်း အသက်မွေးဝမ်းကျောင်း ပြန်လည်ဖွင့်လှစ်ဖို့ လာရောက်လေ့လာတာပါ။ ဂျပန်က အသက်မွေးဝမ်းကျောင်း ပညာရေးစနစ် အပါအ၀င်၊ ကားစက်ရုံတွေကို အဓိကထားလေ့လာပါတယ်။ သူတို့ကလည်း အကူအညီတွေ ပေးမယ်လို့ ပြောကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံတကာဆက်ဆံရေးရာကော်မတီဝင် မိကွန်းချမ်းကတော့ ဂျပန်တွေရဲ့ စည်းကမ်းနဲ့ အလုပ်အပေါ် တာဝန်ယူတဲ့စနစ်ကတော့ အားကျ အတုယူစရာပါ။ မြန်မာပြည်ပြန်ရောက်ရင် ပြည်သူတွေကို ဂျပန်ရဲ့ အတွေ့ အကြုံတွေရှင်းလင်းပြမယ်လို့ ဆိုပါတယ်။ တပတ်ကြာလေ့လာရေးအတွင်း ဂျပန်နိုင်ငံမှာ လေ့လာဆွေးနွေးခဲ့တာတွေကို ပြည်သူ့လွှတ်တော်မှာတင်သွင်းပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်လို့ အဖွဲ့ခေါင်းဆောင် ဦးတင်မောင်ဝင်းက ပြောပါတယ်။ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အပါအ၀င် ဆောက်လုပ်ရေး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအချို့နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်ကြီးများအသင်းတွေနဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ပညာရေးမြှင့်တင်ရေးကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၊ လမ်းပန်းဆက်သွယ်ရေးရာနှင့်ဆောက်လုပ်ရေး ကော်မတီတို့က အဖွဲ့ဝင် ၅ ဦးစီ လိုက်ပါလာခဲ့ကြတာဖြစ်ပြီး ဒီနေ့ ဂျပန်နိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပါတယ်။  
6 years Ago
Up