ဂျပန်ဝန်ကြီးချုပ်က ကာကွယ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၄၄ ဘီလီယံ စံချိန်တင်တောင်းခံ

December 23, 2016

ဂျပန်ဝန်ကြီးချုပ်က ကာကွယ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၄၄ ဘီလီယံ စံချိန်တင်တောင်းခံ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ စံချိန်တင် တောင်းခံလိုက်ပါတယ်။ အရင် စစ်အသုံးဘတ်ဂျက်ထက် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေ၊ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုတွေ၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေမှာ အကြိမ်ကြိမ်လုပ်နေချိန်မှာ ဝန်ကြီးချုပ်က အခုလို တိုးမြှင့်လိုက်တာပါ။ အခုလည်း လာမယ့်နှစ်အတွက် စစ်အသုံးစရိတ် စံချိန်တင်တိုးမြှင့်ရတာဟာ တိုက်လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေအတွက် သုံးစွဲရတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီစစ်အသုံးစရိတ်တိုးမြှင့်မှုကို ဂျပန်လွှတ်တော်က အတည်ပြုပေးရဦးမှာဖြစ်ပြီး တကယ် အတည်ပြုဖြစ်ရင်တော့ ဒီ ကာကွယ်ရေးအသုံးစရိတ်ကို ၅ ကြိမ်ဆက်တိုက် တိုးမြှင့်မှုဖြစ်ပါတယ်။ အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အတွက် ဂျပန်ကမ်းခြေစောင့်တပ် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ တိုးမြှင့်မှာဖြစ်ပြီး ကမ်းခြေစောင့်တပ် သင်္ဘောကြီး ၅ စီးနဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေ တိုးခန့်ထားဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။ မြောက်ကိုရီးယားဒုံးကျည်နည်းပညာကို တန်ပြန်ဖို့ ဂျပန်နိုင်ငံရဲ့ တိုက်ချင်းပစ် ဒုံးခွင်းဒုံးစနစ် အဆင့်မြှင့်ဖို့လည်း ရှိပါတယ်။
5 years Ago
Up