ဂျပန်လုံခြုံရေးဆိုင်ရာ အခြေခံဥပဒေပြင်ဆင်ရေး

August 10, 2015

ဂျပန်လုံခြုံရေးဆိုင်ရာ အခြေခံဥပဒေပြင်ဆင်ရေး မကျေနပ်သည့် မြို့ခံများ ဆန္ဒပြ

ဒုတိယကမ္ဘာစစ်အတွင်း နာဂါဆာကီမြို့ပေါ် အနုမြူဗုံးကြဲချခံရခြင်း အနှစ် ၇၀ ပြည့် ဆုတောင်းပွဲကျင်းပခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က ဂျပန်နိုင်ငံလုံခြုံရေးဆိုင်ရာ အခြေခံဥပဒေပြင်ဆင်ရေး မကျေနပ်တဲ့ မြို့ခံ ၁၀၀ ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ၀န်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ဂျပန်နိုင်ငံလုံခြုံရေးအခြေခံဥပဒေ ပြင်ဆင်မှုဟာ အနှစ် ၇၀ ကြာ ဂျပန်နိုင်ငံက ထိန်းသိမ်းလာခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်ပျက်စီးမယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။ ကန့်ကွက်ဆန္ဒပြသူတွေထဲမှာ နာဂါဆာကီမြို့ အနုမြူဗုံးကြဲချခံရစဉ်က ထိခိုက်သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ပါဝင်ခဲ့ကြပါတယ်။ “အခြေခံဥပဒေပုဒ်မ ၉ ကို ပြင်ဆင်လိုက်ရင် ဂျပန်နိုင်ငံဟာ နိုင်ငံတကာထွက် စစ်တိုက်ခွင့် ရသွားမယ်။ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးရမယ့်အဖြစ်မျိုးကတော့ ကျနော်တို့အဖြစ်ခံလို့ မဖြစ်ဘူး။” ၀န်ကြီးချုပ်ရှင်ဇိုးအာဘေးက ဒီဥပဒေကို ပြင်ဆင်ဖို့လုပ်နေတာဟာ ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး ဥပဒေကျွမ်းကျင်သူတွေက ပြောဆိုကြပြီး ဂျပန်ပြည်သူအများအပြားကလည်း ကန့်ကွက်နေကြတာပါ။ နာဂါဆာကီမြို့မှာ သြဂုတ် ၉ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အနုမြူဗုံးကြဲချခံရခြင်း အနှစ် ၇၀ ပြည့်ဆုတောင်းပွဲအခမ်းအနားကိုတော့ ဂျပန်ဝန်ကြီးချုပ်၊ နာဂါဆာကီမြို့တော်ဝန်နဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ တက်ရောက်ခဲ့ကြပါတယ်။ နာဂါဆာကီ မြို့တော်ဝန်က ဂျပန်နိုင်ငံဟာ စစ်ဆန့်ကျင်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားသင့်တယ်လို့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
6 years Ago
Up