ဂျပန်ရဲချုပ်က ယာကူဇာဂိုဏ်းများကို နှိမ်နင်းရန် အမိန့်ထုတ်

A d v e r t i s e m e n t With Us

March 16, 2016

ဂျပန်ရဲချုပ်က ယာကူဇာဂိုဏ်းများကို နှိမ်နင်းရန် အမိန့်ထုတ်

ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ယာကူဇာ ရာဇ၀တ်ဂိုဏ်းတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို တားဆီးကြဖို့ ဂျပန်အမျိုးသားရဲအေဂျင်စီ အကြီးအကဲက ရဲအရာရှိတွေကို ညွှန်ကြားပါတယ်။ နိုင်ငံတွင်း အကြီးဆုံး ယာကူဇာအုပ်စုဖြစ်တဲ့ ရာမာဂူချီဂမ်မိနဲ့ ခွဲထွက်အုပ်စု ကိုဘီရာမာဂူချီဂမ်မိ အုပ်စုအကြား ပဋိပက္ခဖြစ်နေကြောင်းနဲ့ ဒီအုပ်စုတွေကို နှိမ်နင်းဖို့အတွက် နှိမ်နင်းရေးအစုဖွဲ့တွေ ဖွဲ့စည်းကြဖို့ အေဂျင်စီက နိုင်ငံတ၀န်း ရဲစခန်းတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ညွှန်ကြားခဲ့ကြောင်း ဂျပန် အန်အိတ်ခ်ျကေ သတင်းမှာ ဖော်ပြပါတယ်။ ရဲအေဂျင်စီအကြီးအကဲ မာဆဟီတို ကင်နီတာကာဟာ မနေ့က ဂျပန်နိုင်ငံအလယ်ပိုင်းက အိချိစရင်စုကို သွားရောက်ခဲ့ပါတယ်။ သူက အုပ်စုလိုက် ရာဇ၀တ်မှုကို ကိုင်တွယ်အရေးယူမယ့် တာဝန်ခံအရာရှိ အယောက် ၂၀၀ အကြောင်းကို ပြောဆိုခဲ့ပါတယ်။ အိချိစီရင်စုမှာပါဝင်တဲ့ နာဂိုယာမြို့မှာ ရာမာဂူချီဂမ်မိအုပ်စုရဲ့ ထိပ်တန်းခေါင်းဆောင် အခြေပြုနေပါတယ်။ နိုင်ငံ့ထိပ်သီးခေါင်းဆောင် အစည်းအဝေး ၇ ခုကို လာမယ့်မေလမှာ ကျင်းပမှာဖြစ်တဲ့အတွက် ဂျပန်နိုင်ငံကို နိုင်ငံတကာက ပိုမိုအာရုံစိုက်သလို ဆွဲဆောင်မှု အားကောင်းနေတဲ့အကြောင်း သူက ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့  စိုးရိမ်ပူပန်ခြင်း ဖြစ်ပေါ်စေမှုနဲ့ အန္တရာယ်ဖန်တီးနိုင်တဲ့ အခြေအနေမျိုးကို  ခွင့်ပြုမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။ ယာမာဂူချီဂမ်မိဂိုဏ်းမှာ အဓိက လှုပ်ရှားနေတဲ့ နာဂိုယာအုပ်စုနဲ့ ကိုဒိုကိုင်အုပ်စုတွေကို အထီးကျန် အားနည်းသွားအောင် ကြိုးစားကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ ရဲချုပ်က သတင်းထောက်တွေကို ပြောဆိုရာမှာ သူ့အေဂျင်စီအနေနဲ့ ဖြစ်နိုင်ရင် ယာကူဇာအဖွဲ့ဝင်တွေ အများအပြားကို ဖမ်းဆီးရမိရေး အားထုတ်မယ့်အကြောင်းနဲ့ သူတို့ကိုင်ဆောင်တဲ့ လက်လုပ်သေနတ်တွေ သိမ်းဆည်းရေးတွေအတွက် ဆောင်ရွက်မယ်လို့ ပြောပါတယ်။ ရဲချုပ်ရဲ့ ဆောင်ရွက်ချက်ဟာ ဂျပန်အမျိုးသမီးတဦးက သူ့ဖခင်ဟာ  ယာကူဇာ ရာဇ၀တ်အုပ်စုတွေရဲ့ ပဋိပက္ခအကြားမှာ သေဆုံးခဲ့ရပြီးနောက် နှိမ်နင်းဖို့ တောင်းဆိုတဲ့အတွက် ပေါ်ထွက်ခဲ့တာပါ။ အဆိုပါ ဂျပန်အမျိုးသမီးရဲ့ ဖခင်ဟာ ၂၀၀၃ ခုနှစ်က တိုကျိုမြောက်ဘက် မယ်ဘာရှီမြို့က ဘားတခုမှာ လူဆိုးတွေအချင်းချင်း တိုက်ခိုက်မှုအတွင်း သေနတ်ထိမှန် သေဆုံးခဲ့တဲ့ လေးဦးထဲက တဦးဖြစ်ပါတယ်။ သူက လူဆိုးတွေဟာ ဒီပဋိပက္ခတွင်းမှာ အပြစ်မဲ့ပြည်သူတွေ ပတ်သက်မှုကို ဂရုစိုက်ခြင်း မရှိကြောင်းနဲ့ လူဆိုးတွေရဲ့ လက်နက်တွေနဲ့ သေနတ်တွေကို သိမ်းဆည်းရေး ရဲတပ်ဖွဲ့က ဖိဖိစီးစီးလုပ်ဖို့ တိုက်တွန်းဆော်သြခဲ့ပါတယ်။
5 years Ago
Up