ဟိုတယ်တခုမှာ အမျိုးသမီးတွေနဲ့ တညလုံး ပျော်ပါးခဲ့ကြတဲ့ ဂျပန်အမျိုးသား ဘတ်စကက်ဘော ကစားသမား ၄ ဦးဟာ အာရှအားကစားပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပြီး နေရပ်ပြန်ပို့ခံခဲ့ရပါတယ်။
အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ လက်ရှိ ကျင်းပနေတာဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမားပေါင်း ၁ သောင်းကျော် ပါဝင်ယှဉ်ပြိုင်နေကြတာပါ။
ဂျပန်အမျိုးသား ဘတ်စကက်ဘောအသင်း တာဝန်ရှိသူ ရာဆူဟီရို ယာမာရှိတက လက်ရှိ ထုတ်ပယ်ခံခဲ့ရတဲ့ အားကစားသမား ၄ ဦးဟာ ကာတာအသင်းနဲ့ ယှဉ်ပြိုင်အပြီးမှာ စားသောက်ဆိုင်တဆိုင်ကို သွားခဲ့ကြပြီး အဲဒီမှာ ဂျပန်စကားပြော ဒေသခံတဦးနဲ့ ဆုံခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီနောက် သူက ကစားသမားတွေကို အမျိုးသမီးတွေနဲ့ တွေ့နိုင်တဲ့ ဘားတခုအကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကစားသမား ၄ ဦးလုံးဟာ အဲဒီဘားမှာ အသင်းဝတ်စုံတွေနဲ့ ၂ နာရီနီးပါးလောက် ရှိနေခဲ့ကြပြီး နောက်မှာတော့ ဟိုတယ်ဆီ အမျိုးသမီး ၄ ဦးနဲ့ သွားခဲ့ကြကာ နောက်တနေ့ မနက်ပိုင်းမှ ပြန်လာခဲ့ကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အဲဒီကစားသမား ၄ ဦးကတော့ တာကူယာ ဟာရှီမိုတို၊ ကီတာအင်မာမူရာ၊ ယုယနာဂါယိုရှီနဲ့ တာကူမာဆာတိုတို့ ဖြစ်ကြတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီကတော့ သူတို့ ၄ ဦးလုံးကို အသိအမှတ်ပြုမှု ရုပ်သိမ်းပြီး ဂျပန်နိုင်ငံကို ပြန်စေလွှတ်မယ်လို့ ပြောပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံအနေနဲ့ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပသွားမှာမို့ ဂျပန်အိုလံပစ်ကော်မတီအနေနဲ့ နိုင်ငံအားကစားအသင်းတွေကို စည်းကမ်းတင်းကျပ်မှုတွေလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အာရှအားကစားပြိုင်ပွဲဝင် ဂျပန်ဘတ်စကက်ဘောအသင်းဟာ ပြီးခဲ့တဲ့ ၄ နှစ်က ကျင်းပတဲ့ ပြိုင်ပွဲမှာ ကြေးတံဆိပ် ဆွတ်ခူးရရှိထားတဲ့ အသင်းတသင်း ဖြစ်ပါတယ်။
ခုလက်ရှိမှာတော့ အသင်းသား ၄ ဦးကို ထုတ်ပယ်လိုက်ပေမယ့် ကျန်တဲ့ ကစားသမားတွေနဲ့ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ကာ နောက်တပွဲအဖြစ် ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ အိမ်ပြန်ရမယ့် ကစားသမားတွေအနေနဲ့ သူတို့ ကိုယ်ပိုင်ကုန်ကျစရိတ်နဲ့ ကျခံပြီး ပြန်ရမှာဖြစ်တယ်လို့ ယာမာရှိတက ပြောပါတယ်။
“ကျန်တဲ့ ကစားသမား ၈ ယောက်၊ တာဝန်ရှိသူတွေနဲ့ အသင်းနည်းပြတွေကတော့ ကျန်တဲ့ပြိုင်ပွဲတွေ ဆက်ကစားဖို့ ဒီမှာဆက်ရှိနေမှာပါ။”
5 years Ago