ဂျပန်နည်းပြ

May 24, 2018

မြန်မာဘောလုံးအကယ်ဒမီများအတွက် ဂျပန်နည်းပြ ၂ ဦး ထပ်မံခေါ်ယူ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးအကယ်ဒမီတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်အကယ်ဒမီတွေမှာ နည်းပြချုပ်အဖြစ် တာဝန်ယူဖို့အတွက် ဂျပန်နည်းပြနှစ်ဦးကို တနှစ်စာချုပ်နဲ့ ထပ်မံခေါ်ယူလိုက်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ မန္တလေးဘောလုံးအကယ်ဒမီအတွက် ဂျပန်နည်းပြ တာကူမာကိုဂါကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ခန့်အပ်ခဲ့ပြီး ရန်ကုန်နဲ့ ပုသိမ် ဘောလုံးအကယ်ဒမီတွေအတွက် နောက်ထပ် ဂျပန်နည်းပြနှစ်ဦးကို ခေါ်ယူလိုက်တာပါ။ အသစ်ခေါ်ယူလိုက်တဲ့ နည်းပြနှစ်ဦးက ယိုရှီဒါနဲ့ တာရာမီနဲတို့ဖြစ်ပြီး ဂျပန်ကလပ်တချို့နဲ့ အကယ်ဒမီတွေမှာ တာဝန်ယူဖူးသလို ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ခံချက်နဲ့ ခေါ်ယူခဲ့တာလို့ သိရပါတယ်။ ဂျပန်နည်းပြသုံးဦးဟာ အကယ်ဒီတွေမှာ အသက် ၁၃ နှစ်အောက် ကစားသမားတွေကို ဘောလုံးကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်းတွေ လေ့ကျင့်သင်ကြားမှာ ဖြစ်ပါတယ်။ မန္တလေးဘောလုံးအကယ်ဒမီမှာ တနှစ်တာဝန်ယူခဲ့တဲ့ နည်းပြ တာကူမာကိုဂါကတော့ မြန်မာလူငယ်တွေနဲ့ ဂျပန်လူငယ်တွေရဲ့ ဘောလုံးအခြေခံက ကွာခြားမှုသိပ်မရှိဘဲ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ဘောလုံးအသိပညာမှာတော့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ အကယ်ဒမီတွေက ကစားသမားတွေကို အစားအသောက်ဆိုင်ရာ ဆရာဝန်တွေနဲ့ စနစ်တကျ ကျွေးမွေးနေပြီး ဒီထဲကနေ ထူးချွန်တဲ့ ကစားသမားတွေ ဖြစ်လာဖို့ ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်ထားပါတယ်။ အကယ်ဒမီသုံးခုမှာ ကစားသမား ၁၈၀ လောက်ရှိပြီး ဂျပန်နည်းပြတဦးစီက နည်းပြချုပ်အဖြစ် တာဝန်ယူမှာပါ။ အသက် ၁၉ နှစ်အောက်နဲ့ အကယ်ဒမီတွေက ကစားသမားတွေ အားလုံးအတွက် ဘောလုံးဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တာဝန်ယူဖူးတဲ့ နည်းစနစ်ဒါရိုက်တဦးကိုလည်း ခန့်အပ်ဖို့ စီစဉ်နေပါတယ်။
4 years Ago
Up