ဂျပန်တွင် ကျောင်းသားတဦးကို

June 17, 2017

ဂျပန်တွင် ကျောင်းသားတဦးကို ဘောလုံးနည်းပြရိုက်သည့်ရုပ်သံ ထွက်ပေါ်ပြီး အလုပ်ထုတ်ခံရ

ဂျပန်နိုင်ငံမှာ ကျောင်းဘောလုံးနည်းပြ တဦးက သူ့အသင်းရဲ့ကစားသမား ကျောင်းသားတဦးကို ထပ်တလဲလဲ ရိုက်နေတဲ့ ရုပ်သံ ထွက်ပေါ်လာပြီးနောက် အဲဒီနည်းပြ အလုပ်ထုတ်ခံလိုက်ရတယ်လို့ မေရာသတင်းမှာ ရေးထားပါတယ်။ အသက် ၃၀ အရွယ် ဘောလုံးနည်းပြက ကောင်လေးကို ထပ်တလဲလဲ ရင်ဘက်ကို တွန်းထိုးလိုက် ခေါင်းကို လှမ်းရိုက်လိုက် လုပ်နေတာကို ကျန်တဲ့အသင်းဖော်တွေက ကြည့်နေတာ ရုပ်သံထဲမှာ မြင်ရပါတယ်။ ထွက်ပေါ်လာတဲ့ရုပ်သံကို လူတွေက မေးခွန်းထုတ်စဉ်မှာပဲ စာချုပ်နဲ့ ခန့်အပ်ထားတဲ့ ဘောလုံးနည်းပြက ကောင်လေးကို အင်အားသုံး အပြစ်ပေးခဲ့တာကို ဝန်ခံပြီး တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ Ogose မြို့က ကျောင်းမှာ ရိုက်ခတ်သွားတဲ့ ဒီအဖြစ်မျိုး နောက်ထပ် မဖြစ်စေရဘူးလို့ ကျောင်းကလည်း  ကတိပေးလိုက်ပါတယ်။ ရုပ်သံကို လူမှုကွန်ရက်စာမျက်နှာထက် တင်ချိန်မှာ သုံးစွဲသူတွေက နည်းပြကို ဝေဖန်ကြပြီး မှတ်ချက်ရေးသူ တဦးက “လုပ်ရဲလိုက်တာ” လို့ ရေးထားပါတယ်။ စတီဗင်ဂျိမ်းစ် ဆိုသူကတော့ “ငါ့သားသာ ဒီလို ရိုက်ခံရရင် ဒီလူ ဆေးရုံရောက်ပြီ” လို့ ရေးထားပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ ရုပ်သံထွက်ပေါ်လာပြီး ကျောင်းအာဏာပိုင် တဦးက ကျောင်းသားနဲ့ မိဘတွေကို တောင်းပန်ဖို့ ကတိပေးထားပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် အမည်မဖော်ပြတဲ့ ရိုက်ခံရတဲ့ ကျောင်းသား ဘာဖြစ်လဲဆိုတာတော့ မသိရဘူးလို့ ရေးထားပါတယ်။
6 years Ago
Up